
စက်တင်ဘာလ ၄ ရက်။
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ ၂၀၂၃ ခုနှစ် မေလက စတင်ဖြစ်ပွားခဲ့တဲ့ (Meitei) လူမျိုးစုနဲ့ ကူကီး-ဇို (Kuki-Zo) လူမျိုးရေး ပဋိပက္ခတွေအတွင်း လူပေါင်း အနည်းဆုံး ၃၀၆ ဦး သေဆုံးခဲ့ပြီး ၄၉ ဦး ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး Govindas Konthoujam က စက်တင်ဘာ ၃ ရက်နေ့မှာ ပြည်နယ်လွှတ်တော်ဆီ ပြောကြားလိုက်ပါတယ်။
လက်ရှိ ကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေး ဒုတိယမြောက်နေ့မှာ BJP ပါတီ လွှတ်တော်အမတ် Sapam Ranjan Singh ရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ ဝန်ကြီး Konthoujam က ဒီကိန်းဂဏန်း အချက်အလက်တွေကို ထုတ်ဖော် ပြောကြားခဲ့တာဖြစ်ပြီး၊ အဆိုပါ စာရင်းဇယားတွေဟာ ၂၀၂၆ ခုနှစ် သြဂုတ် ၃၁ ရက်အထိ မှတ်တမ်းတင်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကာလရှည်ကြာ ဖြစ်ပွားခဲ့တဲ့ အဆိုပါ မငြိမ်မသက်မှုတွေကြောင့် သမ္မတအုပ်ချုပ်ရေး (President’s rule) ပြဋ္ဌာန်းခဲ့ရသလို အစိုးရအပြောင်းအလဲပါ ဖြစ်ပေါ်ခဲ့ပါတယ်။
မေတေး(Meitei) လူမျိုးစုနဲ့ ကူကီး-ဇို (Kuki-Zo) အသိုက်အဝန်းတွေကြား ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ မဏိပူရ်ပြည်နယ် တောင်တန်းဒေသ ခရိုင်တွေမှာ ကျင်းပခဲ့တဲ့ ‘တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ချီတက်ဆန္ဒပြပွဲ’ (Tribal Solidarity March) အပြီး ၂၀၂၃ ခုနှစ် မေလ ၃ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ချီတက်ပွဲကို မေတ္တေးလူမျိုးတွေကို တိုင်းရင်းသားအသိအမှတ်ပြု အဆင့်အတန်း (Scheduled Tribe status) သတ်မှတ်ပေးဖို့ တောင်းဆိုချက်အပေါ် ဆန့်ကျင်တဲ့အနေနဲ့ စီစဉ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
မေတေးလူမျိုးတွေဟာ မဏိပူရ်ပြည်နယ် လူဦးရေရဲ့ ၅၃ ရာခိုင်နှုန်းဝန်းကျင် ရှိပြီး အင်ဖာတောင်ကြားဒေသမှာ အများစု နေထိုင်ကြပါတယ်။ နာဂနဲ့ ကူကီး အပါအဝင် တောင်တန်းဒေသ တိုင်းရင်းသား လူမျိုးစုတွေကတော့ လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းခန့် ရှိပြီး တောင်တန်းခရိုင်တွေမှာ အဓိက နေထိုင်ကြပါတယ်။
ဒီကာလရှည် ပဋိပက္ခတွေကြောင့် ပြည်နယ်ရဲ့ နိုင်ငံရေး အုပ်ချုပ်ရေးမှာလည်း အပြောင်းအလဲတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ဆက်လက်ဖြစ်ပွားနေတဲ့ လူမျိုးရေး မငြိမ်မသက်မှုတွေကြား N Biren Singh ဦးဆောင်တဲ့ BJP အစိုးရအဖွဲ့ဟာ ဖေဖော်ဝါရီ ၉ ရက်မှာ နုတ်ထွက်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ အိန္ဒိယဗဟိုအစိုးရက တိုက်ရိုက်စီမံခန့်ခွဲတဲ့ သမ္မတအုပ်ချုပ်ရေး အမိန့်ကို ထုတ်ပြန် ပြဋ္ဌာန်းခဲ့ရပါတယ်။
သမ္မတအုပ်ချုပ်ရေး ချမှတ်ခဲ့ပြီးနောက် သက်တမ်း ၂၀၂၇ ခုနှစ်အထိ ရှိတဲ့ အဖွဲ့ဝင် ၆၀ ပါ မဏိပူရ်ပြည်နယ် လွှတ်တော်ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကိုလည်း ယာယီရပ်ဆိုင်းထားခဲ့ပါတယ်။
အဲဒီနောက် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့မှာ သမ္မတအုပ်ချုပ်ရေးကို ပြန်လည် ရုပ်သိမ်းခဲ့ပြီး BJP ခေါင်းဆောင် Yumnam Khemchand Singh ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကာ အစိုးရသစ် ဖွဲ့စည်းနိုင်အောင် လမ်းဖွင့်ပေးခဲ့ပါတယ်။

