
စက်တင်ဘာလ ၄ ရက်။
အာဏာသိမ်း စစ်အုပ်စုရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သြဂုတ်လ တစ်လအတွင်း ချင်းပြည်နယ်က အမျိုးသမီး ၉ ဦးသေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ ဒီကနေ့ စက်တင်ဘာလ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
နိုင်ငံတဝှမ်း စစ်အုပ်စုရဲ့ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေ အသုံးပြုပြီး တိုက်ခိုက်မှုတွေကြောင့် သြဂုတ်လ တစ်လအတွင်း အမျိုးသမီး ၅၅ ဦးသေဆုံး၊၅၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး သေဆုံးရတဲ့ အကြောင်းရင်းက စစ်အုပ်စုရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လို့ ဆိုပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ ဖော်ပြချက်အရ ရခိုင်ပြည်နယ်မှာ အမျိုးသမီး ၁၇ ဦးသေဆုံးပြီး၊ စစ်ကိုင်းတိုင်းမှာ ၁၃ ဦး နဲ့ ချင်းပြည်နယ်မှာ ၉ ဦးတို့သေဆုံးခဲ့ရပြီး တိုင်းနဲ့ ပြည်နယ်တွေထဲ ရခိုင်ပြည်နယ်မှာ သေဆုံးသူ လူဦးရေ အများဆုံးဖြစ်တယ်လို့လည်း ထုတ်ပြန်ထားတာတွေ့ရပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ အစိုးရတရပ် ပုံစံ ပုံဖော်နေပေမယ့် လက်တွေ့တွင် နိုင်ငံတဝှမ်း လေကြာင်းတိုက်ခိုက်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း စတဲ့ အကြမ်းဖက် လုပ်ရပ်တွေကိုသာ စဉ်ဆက်မပြတ် တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေတယ်လို့လည်း မြန်မာ့အမျိုးသမီးသမဂ္ဂက ဆိုပါတယ်။

