
စက်တင်ဘာလ ၄ ရက်။
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပေါ်နဲ့ အနီးအနားဝန်းကျင်တွေကို ဒီကနေ့ စက်တင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီက ကျောက်ထုနဲ့ အခြားနေရာတွေကနေ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ဥယျာဉ်ခြံတွင်နေထိုင်တဲ့ အသက် ၆၀ ဝန်းကျင်လင်မယား ၂ ဦး ထိခိုက်သေဆုံးခဲ့ရတယ်လို့ မင်းတပ်မြို့ဒေသခံ HKL Mindat ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဒီကနေ့ မနက် ၉ နာရီခွဲဝန်းကျင်လောက်မှာ မင်းတပ်မြို့နဲ့ မြို့အနီးနေရာတွေကို စစ်ကောင်စီက ကျောက်ထုနဲ့ မင်းတပ်နယ်ခြားကနေ ၁၂၀ မမ လက်နက်ကြီးတွေဖြင့် အကြိမ်ပေါင်းများစွာ ရမ်းသမ်းပစ်ခခတ်ခဲ့တာကြောင့် ဥယျာဉ်ခြံနေ အသက် ၆၀ ဝန်းကျင်ရှိ လင်မယား ၂ ဦး ထိခိုက်သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ မင်းတပ်မြို့ဘက်ကို ဦးတည်ပြီး လက်နက်ကြီးတွေဖြင့် မနေ့ညကစလို့ ရမ်းသမ်း ပစ်ခတ်တာတွေ လုပ်ခဲ့သလို ဂျက်ဖိုက်တာနဲ့လည်း မနေ့က မင်းတပ်အရှေ့ခြမ်းတစ်နေရာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
သြဂုတ်လ ၃၀ ရက်နေ့ကလည်း မင်းတပ်မြို့နယ် ၊ မရှိန်းလှော်အုပ်စု၊ ဝှမ်းခုမ်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ မူလတန်းကျောင်းသား ၂ ဦး၊ ၉ တန်းကျောင်းသူ ၁ ဦး၊ စစ်ဘေးရှောင် ၂ ဦး၊ သက်ကြီးရွယ်အို အဘိုးအဘွားအပါအဝင် ဒေသခံ ပြည်သူ ၈ ဦးသေဆုံးခဲ့ရပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ပြီး အရပ်သားနေအိမ်အမြောက်များလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
မြေပြင်စစ်ပွဲမှ အထိနာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ရှုံးမဲမဲကာ အပြစ်မဲ့အရပ်သားပြည်သူလူထုအပေါ် နေ့ညအချိန်မရွေးလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိတာကြောင့် ချင်းပြည်သူ့အစည်းအရုံး ထိန်းချုပ်နယ်မြေအတွင်းက ပြည်သူတွေ အနေဖြင့် လေကြောင်းရန် အထူးဂရုစိုက်ကြဖို့ကိုလည်း ချင်းပြည်သူ့အစည်းအရုံး ( CPU / CPA) က သတိပေးထုတ်ပြန်ထားပါတယ်။

