
ဩဂုတ်လ ၂၈ ရက်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် အစိုးရအနေနဲ့ ၂၀၂၄ ခုနှစ်ကစတင်ပြီး ပြည်နယ်တွင်း ဝင်ရောက်ခွင့်လက်မှတ် Inner Line Permit (ILP) ပေါင်း ၅ သိန်းနီးပါး ထုတ်ပေးခဲ့သလို ဒီနှစ်အတွင်းမှာတော့ အရှေ့မြောက်ဒေသ ပြည်နယ်ထဲကို တရားမဝင် ဝင်ရောက်လာတယ်လို့ ယူဆရသူ ၉၃၄ ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ ကြာသပတေးနေ့က ပြည်နယ်လွှတ်တော်မှာ ပြည်ထဲရေး၀န်ကြီးက တင်ပြပြောဆိုလိုက်ပါတယ်။
လွှတ်တော်တွင်း မေးခွန်းတွေအပေါ် စာဖြင့် ပြန်လည်ဖြေကြားရာမှာ မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး K Sapdanga က ပြည်နယ်အစိုးရအနေနဲ့ ၂၀၂၄ ခုနှစ်ကစပြီး စုစုပေါင်း ILP လက်မှတ် ၄၉၄,၀၃၃ စောင် ထုတ်ပေးခဲ့တယ်လို့ ပြောပါတယ်။
ILP ဆိုတာ အကာအကွယ်ပေးထားတဲ့ ဒါမှမဟုတ် ကန့်သတ်ထားတဲ့ ဒေသတွေဆီ သွားရောက်လည်ပတ်လိုတဲ့ ဒါမှမဟုတ် နေထိုင်လိုတဲ့ အိန္ဒိယနိုင်ငံသားတွေအတွက် လိုအပ်တဲ့ တရားဝင် ခရီးသွားလာခွင့် စာရွက်စာတမ်းတစ်ခု ဖြစ်ပါတယ်။
အိန္ဒိယအရှေ့မြောက်ဒေသမှာတော့ ဒီခွင့်ပြုမိန့်စနစ်ကို လက်ရှိအချိန်မှာ နာဂလန်း၊ မီဇိုရမ်နဲ့ မဏိပူရ် ပြည်နယ်တို့မှာ ကျင့်သုံးနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် အစိုးရအနေနဲ့ မီဇိုရမ်ပြည်နယ်ထဲကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လာမှုတွေကို စောင့်ကြည့်စစ်ဆေးတာနဲ့ တားဆီးကာကွယ်တဲ့ လုပ်ငန်းတွေကိုလည်း ပိုမိုတင်းကျပ် လုပ်ဆောင်လာခဲ့ပါတယ်။
ပြည်ထဲရေးဝန်ကြီးရဲ့ ဖြေကြားချက်အရ ဒီနှစ်အတွင်း ပြည်နယ်ထဲကို တရားမဝင် ဝင်ရောက်လာသူ ၉၃၄ ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
အခုလို ထုတ်ပြန်လာတဲ့ ကိန်းဂဏန်းတွေဟာ မီဇိုရမ်ပြည်နယ် နယ်စပ်ဖြတ်ကျော် သွားလာမှုတွေအပေါ် ဆက်လက် စစ်ဆေးကြပ်မတ်နေသလို ပြည်နယ်သားမဟုတ်သူတွေ ဝင်ရောက်လာမှုကို ထိန်းညှိဖို့အတွက် Inner Line Permit စနစ်ကို အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နေချိန်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
မီဇိုရမ်ပြည်နယ် အစိုးရအနေနဲ့ ၂၀၂၄ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိ ILP ခွင့်ပြုလက်မှတ် ၃ ဒသမ ၃၆ သိန်းကျော် ထုတ်ပေးခဲ့မှုနဲ့ သက်တမ်းတိုးကြေးတွေကနေ ဝင်ငွေ စုစုပေါင်း ရူပီး ၁၅၁ ဒသမ ၂ သန်းကျော် ရရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး K Sapdanga က ပြည်နယ်လွှတ်တော်မှာ တရားဝင် ဖြေကြားထားပါတယ်။

