
ဩဂုတ်လ ၁၃ ရက်။
ဩဂုတ်လ ၁၃ ရက်နေ့ မှာ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ လယ်မှာ စီးဝင်သွားတဲ့ ကျောက်တလုံးချောင်း ခေါ် ကွဲချောင်း အတွင်း အမည်မသိ အမျိုးသား ၁ ဦးရဲ့ အလောင်း တွေ့ရှိရပြီး ခိုင်ကမ်း လူမှုကူညီရေး အသင်း နှင့် ဒေသခံ လူငယ်များ က အမှတ် (၄) ရပ်ကွက် စုပေါင်း သုသာန်မှာ သင်္ဂြိုလ် ခဲ့တယ် လို့ ဒေသခံများ ထံမှ သိရှိရ ပါတယ်။
“ခိုင်ကမ်းမြို့ အမှတ် ၃ ရပ်ကွက် နှင့် အမှတ် ၄ ရပ်ကွက် ကြားမှာ ရှိတဲ့ ကွဲချောင်း တံတား ရဲ့ အောက်ဘက်မှာ တွေ့ခဲ့တာပါ။ ဒီနေ့ ချောင်းရေ ကျလာတော့ အလောင်းက ပေါ်လာတယ်။ အလောင်းက အလောင်းက အတော် ပျက်စီး နေတာကြောင့် လူမှုကူညီရေး အသင်းက ကောက်ယူပြီး တခါတည်း သင်္ဂြိုလ် သွားကြတယ်” လို့ ခိုင်ကမ်းမြို့ နေ ပြည်သူ တဦးက ပြောပါတယ်။
အလောင်းရဲ့ အနေအထားကြောင့် ချက်ချင်း သင်္ဂြိုလ်ခဲ့ရတာ ဖြစ်ပြီး လက်ရှိ အချိန်ထိ ဒေသခံ ပြည်သူများ ဆီသို့ သေဆုံးသူရဲ့ မိသားစု ဆွေမျိုး အသိုင်းအဝိုင်း တခုခုမှ မေးမြန်းစုံစမ်း တာမျိုး မရှိသေးဘူး လို့လည်း ထပ်မံ သိရှိရ ပါတယ်။

