
သြဂုတ်လ ၁ ရက်။
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များ အတွင်းသို့ ထိုးစစ်ဆင်နေသော အာဏာသိမ်း စစ်ကော်မရှင်တပ်ဖွဲ့ဘက်က ဗိုလ်မှူးကျော်ဆက် အပါအဝင် တပ်မှူးအချို့ကျဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရသည်အထိ မိမိတို့တပ်ဖွဲ့ဝင်များ အကောင်းဆုံး တုံ့ပြန်တိုက်ခိုက် နိုင်ခဲ့ကြတယ်လို့ ချင်းပြည်သူ့တပ်မတော်(CPA) က ဒီကနေ့ သြဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်များနှင့် ချင်းပြည်သူ့တပ်မတော်(CPA)နှင့် မဟာမိတ်ပူးပေါင်းတပ်များသည် ဇူလိုင်လကုန်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ထိုးစစ်များကို မိမိတို့ဖက်မှ ယနေ့တိုင် အကောင်းဆုံး ခုခံတိုက်ခိုက်လျက် ရှိတယ်လို့ ဆိုပါတယ်။
ချင်းပြည်သူ့တပ်မတော် (CPA) နှင့် ချင်းညီ နောင် (CB)အဖွဲ့ဝင်များ၊ ယောဒေသ တပ်များဖြစ်သော (YA)၊ (YDF) အပါအဝင် အခြားသော တော်လှန်ရေးမဟာမိတ်တပ်များနှင့်အတူ လက်တွဲကာ ရွပ်ရွပ်ချွံချွံ ခုခံတိုက်တိုက်ခိုက်လျက်ရှိရာ ရန်သူ့ယာယီ အခြေပြုနေရာများအား တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
တိုက်ပွဲအတွင်း ရန်သူ့တပ်ရင်းမှူး ဗိုလ်မှူးကျော်ဆက် အပါအဝင် တပ်မှူးအချို့ကျဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရသည်အထိ အကောင်းဆုံး တုံ့ပြန်တိုက်ခိုက် နိုင်ခဲ့ပြီး ရန်သူ့အလောင်းများ၊ လက်နက်ခဲယမ်းမျိုးစုံနှင့်၊ ဒရုန်းများ၊ ဂျန်မာများ၊ စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိပြီး စစ်သုံ့ပန်းတချို့ကိုပါ ဖမ်းဆီးရမိခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်မှ ထွက်ပြေးလာ၍ တော်လှန်ရေးတပ်များထံတွင် လက်နက်ချပူးပေါင်းလာသူများလည်းရှိခဲ့ပြီး ၎င်းတို့ကို မိမိတို့မှ ကောင်းမွန်စွာ နေရာချပေးထားရှိပြီး မိသားစုများထံသို့ လုံခြုံစွာဖြင့် ပြန်လည်ပို့ဆောင် ပေးရန်ကိုလည်း စီစဉ်ထားရှိတယ်လို့လည်း ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့တွေဟာ စစ်ကြောင်းများချီတက်ရာတွင် ယောဒေသခံ အသက်(၇၀)အရွယ် အရပ်သားနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်ကာ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သောဖြစ်စဉ် ရှိခဲ့သကဲ့သို့ မဟာမိတ်တပ်များမှ အရပ်သားပြည်သူတစ်ဦးကို ကယ်တင်နိုင်ခဲ့ကာ မိသားစုထံ ပြန်လည်ပို့ဆောင် ပေးနိုင်ခဲ့သော ဖြစ်စဉ်လည်း ရှိခဲ့ပါသည်။ အခြားသောအရပ်သား သက်ကြီးပိုင်းတစ်ဦးမှာ စကမမှ သတ်ဖြတ်ခဲ့သောကြောင့် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပါသည်။ စကမ များသည် ဒေသခံများအား အငြိုးထားကာ ကျေးရွာများအား မီးရှို့ခြင်း၊ ပြည်သူများအား ဖမ်းဆီးခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်းများကိုလည်း ဆက်တိုက်ကျူးလွန်ကာ စစ်ရာဇဝတ်မှုများကို ဗြောင်ကျကျ ကျူးလွန်လျက်ရှိကြတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
တပြိုင်နက်တည်းတွင် စစ်ကော်မရှင်တပ်ဖွဲ့ဟာ လောင်းရှည်-ဆောလမ်းအတိုင်း အင်အားအများအပြားဖြင့် ချီတက်လာသော်လည်း ဒေသခံ တော်လှန်ရေးတပ်များ၏ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်မှုကြောင့် သေကျေထိခိုက်မှုများစွာဖြင့် ဆုတ်ခွာမှုရှိကြောင်း ကြားသိရကြောင်းနဲ့ ပေါက်-ကျောက်ထု-ထီးလင်းလမ်းပိုင်းမှ အင်အားဖြည့်ရန် ကြိုးစားလျက်ရှိသော်လည်း မှန်းထားသကဲ့သို့ ခရီးမပေါက်၊ ရည်ရွယ်ချက် မမြောက်ဘဲ နေရာစုံတွင် ဖြတ်တောက်၊ ပိတ်ဆို့ တိုက်ခိုက်ခံရလျက်ရှိရာ ထိခိုက်ကျဆုံးမှုများစွာဖြင့် တပ်ပြန်ဆုတ်ခဲ့ရသည်အထိ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များက တိုက်စစ်ဆင်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
မြေပြင်တိုက်ပွဲများ၌အထိနာနေသော စစ်ကော်မရှင်တပ်သည် ၎င်းတို့၏ လုပ်မြဲလုပ်နေကျထုံးစံအတိုင်း မြို့၊ ရွာများ၊ ဘာသာရေး အဆောက်အအုံများ၊ စာသင်ကျောင်းနှင့် ဆေးရုံများအား လေကြောင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ပြီး ၂၀၂၆ မေလလယ်ဝန်းကျင်မှစ၍ CPU ထိန်းချုပ်နယ်မြေအတွင်း အကြိမ်ပေါင်း (၆၀၀) ကျော် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ကာ နေ့ညမပြတ် စစ်ရာဇဝတ်မှုများအား ကျူးလွန်လျက် ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

