Headlines

၂၀၂၇ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲကို နိုင်သူအကုန်ယူစနစ်ဖြင့် မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပမယ်

ဇူလိုင်လ ၃၁ ရက်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပပြီးစီးခဲ့သော ပါတီစုံရွေးကောက်ပွဲရဲ့နောက်ဆက်တွဲအဖြစ် ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် ၂၀၂၇ ခုနှစ်အတွင်း နိုင်သူအကုန်ယူစနစ်ဖြင့် မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပမည်ဖြစ်ကြောင်း ဒီနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ အစိုးရ ရက် ၁၀၀ ပြည့် နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင်၊သမ္မတဦးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဦးမင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရဖွဲ့စည်းအပြီး လစ်လပ်သွားသည့်နေရာများနှင့် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သော နေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၂၇ တွင် ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၈၉ နယ်၊ အမျိုးသားလွှတ်တော် ၁၅ နယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၆၈ နယ်၊ စုစုပေါင်း ၁၇၂ နေရာကို မြို့နယ် ၁၀၂ မြို့နယ်တွင် မဲအများဆုံးရသူ အနိုင်ယူစနစ်ဖြင့် ကျင်းပသွားမည်လို့ထည့်သွင်းပြောကြားခဲ့ပါတယ်။

၂၀၂၅ အထွေထွေရွေးကောက်ပွဲများ ကျင်းပပေးခဲ့အပြီး လက်ရှိအချိန်မှာ မဲဆန္ဒနယ် ၆၈၈ နယ်ရှိ မဲဆန္ဒနယ်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ် ၁၀၂၅ ဦးက ဥပဒေပြုတာဝန်များ ထမ်းဆောင်လျက်ရှိကြောင်း ဦးမင်းအောင်လှိုင်ကထည့်သွင်းပြောကြားခဲ့ပါတယ်။

၂၀၂၅ ပါတီစုံအထွေထွေရွေးကောက်ပွဲကို နိုင်သူအကုန်ယူစနစ်/အချိုးကျကိုယ်စားပြုစနစ်တွဲအသုံးပြုပြီး မြန်မာနိုင်ငံတ၀န်းရှိ မြို့နယ် ၁၀၂ မြို့နယ်မှာ အပိုင်း ၁ ၊အပိုင်း ၂ ကို မြို့နယ် ၁၀၀ ၊ အပိုင်း ၃ ကို မြို့နယ် ၆၇ မြို့နယ်တို့မှာ ၃ ပိုင်းခွဲကျင်းပခဲ့ကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ်တော်နေရာအများစုမှာအနိုင်ရခဲ့ကာ အစိုးရဖွဲ့စည်းနိုင်ခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီကျင်းပတဲ့၂၀၂၅ ပါတီစုံရွေးကောက်ပွဲကို ဒီမိုကရေစီနိုင်ငံများနဲ့လွတ်လပ်တဲ့သတင်းမီဒီယာများက လွတ်လပ်ပြီးတရားမျှတတဲ့ ရွေး ကောက်ပွဲမဟုတ်ကြောင်း ဆန့်ကျင့်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *