
ဇူလိုင်လ ၃၀ ရက်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ဒေသအခေါ် လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသက ကျေးရွာ ၁၆ ရွာခန့်မှာ ဇူလိုင်လကစလို့ ငှက်ဖျားရောဂါအဖြစ်များနေပြီး ဇူလိုင်လ ၂၇ ရက်နေ့ကလည်း ကလေးငယ်တစ်ဦး ငှက်ဖျားရောဂါနဲ့ ကွယ်လွန်ခဲ့ရကာ ဆေးဝါးတွေလည်း ပြတ်လပ်နေတယ်လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးကပြောပါတယ်။
လက်ရှိ အသည်းရောင်အသားဝါ ငှက်ဖျားရောဂါ ဖြစ်နေတဲ့ ပလက်ဝမြို့နယ်ထဲက လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသမှာ ဖျားနာကြတဲ့ လူနာတွေအတွက် ကုသဖို့ ဆေးဝါးပြတ်လပ်မှုကိုလည်း ဆိုးဆိုးရွားရွားကြုံတွေ့နေရပြီး ဆေးဝါးအထောက်အပံ့တွေ အရေးပေါ်လိုအပ်နေတယ်လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးကပြောပါတယ်
ဆေးဝါးကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက “ဒိုင်ရ်ဒေသတစ်ခုလုံးလို့ပြောရတယ် ကျေးရွာအနေနဲ့ဆို ၁၆ ရွာလောက်မှာ ငှက်ဖျား ဖြစ်နေကြတာ MAM အဖွဲ့အစည်းကလည်း ဆေးတွေပေးပေမယ့် မလုံလောက်ဘူး အခုကျနော် ကျန်းမာရေးစောင့်ရှောက်တဲ့ ကျေးရွာဘက်မှာဆိုရင် ကျေးရွာ ၁၂ ရွာလောက်ကဆေးလာကုကြတယ် ကျန်တဲ့ ဒေသတွေမှာလည်း ဖြစ်ကြတယ် လေမြိုချောင်းတလျှောက်လုံးဖြစ်နေတဲ့ ပုံစံဖြစ်တယ် ၂၄ ရက်နေ့က ကျနော်ဆီရောက်လာတဲ့ ကလေးလေးတစ်ယောက် ၂၇ ရက်နေ့အထိ ဆေးကုတော့ အဆင်မပြေလို့ ရခိုင်ပြည်နယ်ဘက်ကို လွှဲပြောင်းလိုက်ရတယ် အဲဒီလို လွှဲပြောင်းဖို့သွားတဲ့ လမ်းမှာဘဲ ဆုံးသွားတယ် နောက်ပြီး ကျနော်ဆီ ကလေးတွေ ဆေးကုဖို့ ထပ်ရောက်တာတွေလည်းရှိတယ် သူတို့လည်း အသည်းရောင်အသာဝါ ငှက်ဖျားရောဂါနဲ့ ဆေးကုနေတယ် နောက်ပြီး လူကြီးတစ်ယောက်လည်း ရခိုင်ပြည်ဘက်ကို ဒီနေ့ဘဲ ရွေ့ပြောင်းလိုက်ရတယ် အခုဖြစ်တာက လူကြီးရော ကလေးရော အားလုံးအတူတူပါဘဲ ဖျားပြီဆိုရင် ငှက်ဖျားရောဂါဘဲ ဖြစ်နေကြတယ်” လို့ပြောပါတယ်။
ပလက်ဝမြို့နယ်ထဲက ဒေသအခေါ် လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသက ကျေးရွာ ၁၆ ရွာခန့်မှာပြီးခဲ့တဲ့ ၅ လပိုင်းလောက်က ငှက်ဖျားဖြစ်တာတွေ ရှိခဲ့ပေမယ့် လူနာတချို့ ပြန်သက်သာလာကြပြီး (၇) လပိုင်းလောက်ကစလို့ တကျော့ပြန် တုတ်ကွေးနဲ့အတူ ငှက်ဖျားရောဂါနဲ့အတူ ဖျားနာတဲ့ လူနာတွေ များလာတာဖြစ်ပြီး ဆေးဝါးတွေလည်း ပြတ်လပ်နေတယ်လို့ သိရပါတယ်။
“WHO ကပေးတဲ့ ငှက်ဖျားဆေးလည်း မလုံလောက်ဘူး MAM အဖွဲ့အစည်းဆီကလည်း မလုံမလောက်ဖြစ်နေတဲ့ အခြေအနေဖြစ်တယ် အခုက ဒုတိယလှိုင်းလိုဖြစ်နေတာ တုတ်ကွေးနဲ့ရောပြီး ငှက်ဖျားပြန်ဖြစ်နေကြတယ် ၅ လပိုင်းလောက်ကစဖျားကြတာ တချို့က ပြန်ကောင်းကြတယ် အခုဒုတိယအကြိမ် ၇ လပိုင်းလောက်ကစလို့ ပြင်းထန်လာပြန်တယ် အဓိကတော့ ဆေးဝါးပြတ်တာ တော်တော်ဆိုးတယ် ကူညီပေးနိုင်တဲ့ အဖွဲ့အစည်းတွေရှိရင်လည်း ကူညီပေးကြဖို့ မေတ္တာရပ်ခံချင်တယ်” လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးကပြောပါတယ်။
လက်ရှိ ပလက်ဝမြို့နယ်ထဲက ဒေသအခေါ် လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသက ဟုမ်းရွာ၊ ရန်ချောင်းဝ၊ ဝက်မကိုင်း၊ သပြေပင်၊ အောက်ချိုင်းစ၊ ပုံဒေါ၊ ဖိုင်လိပ်ခ၊ တွီခပ်၊ ဘွေတိုး၊ လောင်ဒါန်း၊ အပ်စ၊ ပင်းဝ၊ ဒိုရ်ချောင်းဝ၊ ချိုင်းခနူး ၊ ဘွေလောင် နဲ့ ကျုံဒွေးကျေးရွာတွေမျာ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

