
DonBosco
အခုလက်ရှိ မလေးရှားနိုင်ငံမှာ နေထိုင်နေကြတဲ့ ဒုက္ခသည်တွေအတွက် အရင်ကနဲ့ မတူဘဲ အလွန် စိုးရိမ်စရာကောင်းတဲ့ အခြေအနေတစ်ခု ဆိုက်ရောက်လို့ လာနေပါတယ်။ မလေးရှား အစိုးရအနေနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ဒုက္ခသည် မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်တွေကို ခေတ္တ ဆိုင်းငံ့ထားဖို့ ညွှန်ကြားလိုက်တဲ့အပြင်၊ UNHCR ရဲ့ မလေးရှားနိုင်ငံအတွင်း အခန်းကဏ္ဍတစ်ခုလုံးကိုပါ ပြန်လည် သုံးသပ်ဖို့အထိ လုပ်ဆောင်လာတာကြောင့် ဖြစ်ပါတယ်။
ဒီအပြောင်းအလဲဟာ မလေးရှားရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေအပါအဝင် စစ်ဘေးနဲ့ နိုင်ငံရေး ပဋိပက္ခတွေကြောင့် ထွက်ပြေး တိမ်းရှောင်လာကြတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည် သောင်းပေါင်းများစွာရဲ့ ရပ်တည်ရေးနဲ့ အနာဂတ်အပေါ် ကြီးမားတဲ့ ရိုက်ခတ်မှုတွေ စတင် ဖြစ်ပေါ်စေနေတာဖြစ်ပါတယ်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ဖော်ပြောဆိုချက်အရ UNHCR အနေနဲ့ မလေးရှားနိုင်ငံအတွင်း ဒုက္ခသည် ကတ်ပြား ထုတ်ပေးတာနဲ့ မှတ်ပုံတင်တာဆိုင်ရာ လုပ်ငန်းစဉ်တွေကို ခေတ္တ ဆိုင်းငံ့ထားဖို့ တရားဝင် အကြောင်းကြားထားပြီး ဖြစ်ပါတယ်။ အဓိက အကြောင်းအရင်းကတော့ မလေးရှား အစိုးရအနေနဲ့ နိုင်ငံအတွင်းမှာရှိတဲ့ ဒုက္ခသည်တွေနဲ့ အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို စီမံခန့်ခွဲတဲ့အခါ ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုတည်းအပေါ် လုံးဝ ပုံအပ်မထားတော့ဘဲ၊ အစိုးရ ကိုယ်ပိုင် ထိန်းချုပ်မှုအောက်ကို သွတ်သွင်းမယ့် ဒေတာ ကောက်ယူရေးနဲ့ မှတ်ပုံတင်စနစ် (DPP) ဆီ ပြောင်းလဲဖို့ ပြင်ဆင်နေတာကြောင့် ဖြစ်ပါတယ်။ မလေးရှား အစိုးရဘက်က UNHCR ရဲ့ အခန်းကဏ္ဍဟာ အမျိုးသား လုံခြုံရေးနဲ့ နယ်စပ် ထိန်းချုပ်ရေးမှာ အကန့်အသတ်တွေ ရှိနေတယ်လို့ ယူဆထားကြတာလည်း ဖြစ်ပါတယ်။
လူအများစုက UNHCR ရုံးကို ပြန်လည်သုံးသပ်တာကို သိပ်မစိုးရိမ်ကြပေမဲ့ ကမ္ဘာ့သမိုင်းကြောင်းမှာ ရဝမ်ဒါ၊ ဆူဒန်၊ ရုရှားနဲ့ ဗင်နီဇွဲလား စတဲ့ နိုင်ငံတွေမှာ အစိုးရနဲ့ UN ကြား နိုင်ငံရေးနဲ့ လုံခြုံရေး ပဋိပက္ခဖြစ်ပြီး UNHCR ရုံးနဲ့ ဝန်ထမ်းတွေကို နိုင်ငံအတွင်းကနေ မောင်းထုတ်ခံရတဲ့ သာဓကတွေ အများကြီး ရှိခဲ့ဖူးပါတယ်။
အထူးသဖြင့် မလေးရှားနိုင်ငံဟာ ၁၉၅၁ ဒုက္ခသည်များဆိုင်ရာ သဘောတူစာချုပ် (1951 Refugee Convention) မှာ လက်မှတ်ရေးထိုးထားတာ မရှိတဲ့အတွက် ဒုက္ခသည်တွေကို တရားဝင် အသိအမှတ်မပြုထားဘဲ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေအဖြစ်ပဲ သတ်မှတ်ထားတာပါ။ ဒါကြောင့် မလေးရှား အစိုးရအနေနဲ့ ဥပဒေကြောင်းအရ UNHCR ကို ရုံးပိတ်ခိုင်းဖို့ ဒါမှမဟုတ် နိုင်ငံအတွင်းကနေ ထွက်ခွာခိုင်းဖို့ ဘာကန့်သတ်ချက်မှ မရှိဘဲ ပိုပြီး လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်တဲ့အတွက် ဒီကိစ္စဟာ စိုးရိမ်စရာကောင်းတဲ့ အန္တရာယ်တစ်ခု ဖြစ်ပါတယ်။
အမှန်တော့ မလေးရှားနိုင်ငံဟာ ၁၉၅၁ စာချုပ်မှာ လက်မှတ်မထိုးထားပေမဲ့ UNHCR ကို စတင် ရုံးစိုက်ခွင့် ပေးခဲ့တာကတော့ ၁၉၇၅ ခုနှစ် ဗီယက်နမ်စစ်ပွဲအပြီး ပေါ်ပေါက်လာတဲ့ ဗီယက်နမ် လှေစီးဒုက္ခသည် (Boat People) သောင်းချီ မလေးရှားဆီ ရောက်လာခဲ့တဲ့ ဖြစ်စဉ်ကြောင့် ဖြစ်ပါတယ်။
အဲဒီတုန်းက မလေးရှား အစိုးရအနေနဲ့ စီမံခန့်ခွဲရေးနဲ့ ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုးကို မထမ်းနိုင်တဲ့အတွက် ဒုက္ခသည်တွေကို စိစစ်ပေးဖို့နဲ့ တတိယနိုင်ငံတွေကို အမြန်ဆုံး ပို့ဆောင်ပေးနိုင်ဖို့ UNHCR ကို ဝင်ရောက် လုပ်ကိုင်ခွင့် ပြုခဲ့တာပါ။ ဒါ့အပြင် UNHCR ကနေတစ်ဆင့် နိုင်ငံတကာ ထောက်ပံ့ငွေတွေ ရရှိနိုင်တာနဲ့ အစ္စလာမ်မစ် ကမ္ဘာမှာ ဖိနှိပ်ခံ ဒုက္ခသည်တွေကို ကူညီတဲ့ သံတမန်ရေး ပုံရိပ်ကောင်း ရရှိနိုင်တာတွေကြောင့်လည်း ရုံးစိုက်ခွင့်ကို ကာလရှည်ကြာ ခွင့်ပြုထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ မလေးရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာအောက်မှာ UNHCR ဟာ “ဧည့်သည် အဖွဲ့အစည်း” သာဖြစ်တဲ့အတွက် အစိုးရကို ဥပဒေအရ စေခိုင်းပိုင်ခွင့် လုံးဝ မရှိပါဘူး။ ဒါကြောင့် UNHCR အနေနဲ့ အစိုးရနဲ့ ဆက်ဆံတဲ့အခါ လူအများရှေ့မှာ ပြင်းပြင်းထန်ထန် ဝေဖန်တာမျိုး မလုပ်ဘဲ နောက်ကွယ်မှာ သံတမန်ရေးအရ တိုးတိုးတိတ်တိတ် ညှိနှိုင်းတာ (Quiet Diplomacy)၊ ဒုက္ခသည်တွေရဲ့ ကျန်းမာရေးနဲ့ စားနပ်ရိက္ခာ ကုန်ကျစရိတ်တွေကို စိုက်ထုတ်ပေးမယ်လို့ အကူအညီပေးတာနဲ့ တတိယနိုင်ငံတွေကို အမြန်ဆုံး ပို့ပေးမယ်လို့ ညှိနှိုင်းတဲ့ နည်းလမ်းတွေကိုပဲ အဓိက အသုံးပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုလို UNHCR ရဲ့ လုပ်ငန်းစဉ်တွေ ရပ်တန့်သွားတာ ဒါမှမဟုတ် အကန့်အသတ် ဖြစ်သွားရင်တော့ ဒုက္ခသည်တွေအတွက် ဥပဒေအရ ယာယီ အကာအကွယ်မဲ့သွားမှာဖြစ်သလို အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ စတဲ့ တတိယနိုင်ငံတွေကို ရွှေ့ပြောင်း အခြေစိုက်ခွင့် လျှောက်ထားတဲ့ လုပ်ငန်းစဉ်တွေပါ လုံးဝ ကြန့်ကြာ ရပ်တန့်သွားတော့မှာ ဖြစ်ပါတယ်။
ဒီလို UNHCR ရဲ့ ဒုက္ခသည် မှတ်ပုံတင်စနစ် ဆိုင်းငံ့လိုက်တဲ့ အချိန်နဲ့တစ်ပြိုင်နက် မြေပြင်မှာလည်း မလေးရှား အာဏာပိုင်တွေရဲ့ ဖမ်းဆီး စစ်ဆေးမှုနဲ့ ပြည်နှင်ဒဏ်ပေးမှု ပုံစံတွေဟာ အရင်ကထက် ပိုပြီး တင်းကြပ် ပိတ်ဆို့လာခဲ့ပါတယ်။
အရင်က အထောက်အထားမရှိသူတွေကိုပဲ အဓိက ပစ်မှတ်ထား ဖမ်းဆီးခဲ့ပေမဲ့ အခုအခါမှာတော့ လူစည်ကားတဲ့ နေရာတွေ၊ ဈေးတွေ၊ စက်ရုံတွေနဲ့ လုပ်ငန်းခွင်တွေအထိ ရုတ်တရက် ဝင်ရောက် ပိတ်ဆို့ စစ်ဆေးတာတွေ ပြုလုပ်လာသလို၊ UNHCR ရက်ချိန်း စာရွက်ပဲရှိပြီး ကတ်ပြား မကိုင်ထားနိုင်သူများကိုပါ အထောက်အထားမဲ့အဖြစ် သတ်မှတ် ဖမ်းဆီးတာတွေ ရှိနေပါတယ်။
ဒါ့အပြင် မလေးရှားနိုင်ငံ၊ ပီနန် ပြည်နယ်၊ ကွာလာမူဒါမှာရှိတဲ့ စခန်းကနေ နှင်ထုတ်ခံရတာကြောင့် ကွာလာလမ်ပူမှာရှိတဲ့ UNHCR ရုံးရှေ့ လာရောက် စုဝေးခဲ့ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၁၃ ဦးကို ရဲဌာနချုပ်မှာ ယာယီ ထိန်းသိမ်းထားပြီးနောက်၊ ကွာလာလမ်ပူ၊ ဆီလန်ဂေါနဲ့ ပီနန် ပြည်နယ် ၃ ခုဆီ ခွဲခြား ပြောင်းရွှေ့လိုက်တယ်လို့ မလေးရှား ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
နောက်တစ်ဖက်မှာလည်း ဂျိုဟိုးပြည်နယ်၊ Pekan Nanas လှောင်စခန်းကနေ မြန်မာ ၉၉ ဦး အပါအဝင် နိုင်ငံခြားသား ၁၈၆ ဦးကို ဇူလိုင်လ ၂၈ ရက်က ပြည်နှင်ဒဏ်ပေးခဲ့ပြီး နာမည်ပျက်စာရင်း (Blacklist) သွင်းကာ ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်လိုက်သလို၊ Amnesty International (မလေးရှား ဌာနခွဲ) ကလည်း “မလေးရှားနိုင်ငံအနေနဲ့ ဒုက္ခသည်တွေကို လိုက်လံ ဖမ်းဆီး၊ ထိန်းသိမ်းပြီး ပြည်နှင်ဒဏ် ပေးနေသမျှ ကာလပတ်လုံး ယုံကြည်စိတ်ချရတဲ့ ဒုက္ခသည် အကာအကွယ်ပေးရေး စနစ်တစ်ခုကို တည်ဆောက်နိုင်မှာ မဟုတ်ဘူး” လို့ ပြင်းပြင်းထန်ထန် ထောက်ပြ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။
ဒါပေမဲ့ မြေပြင်မှာ ဒုက္ခသည် အားလုံး စိုးရိမ် ထိတ်လန့်နေဖို့ မလိုဘဲ၊ သတ်မှတ်ထားတဲ့ အခြေအနေအချို့မှာတော့ လုံခြုံမှု အတန်အသင့် ရှိနေဆဲ ဖြစ်ပါတယ်။ အထူးသဖြင့် တရားဝင် UNHCR Smart Card ကိုင်ထားသူတွေ၊ တတိယနိုင်ငံမှာ အခြေချနေထိုင်ဖို့ အတည်ပြုချက် ကျပြီးသူတွေ (Resettlement Approved) နဲ့ မလေးရှား အစိုးရရဲ့ တရားဝင် အလုပ်လုပ်ခွင့် ပါမစ် (Work Permit) ကိုင်ထားသူတွေကတော့ မလေးရှား ပြည်တွင်း ဥပဒေတွေကို ဖောက်ဖျက်တာမျိုး မရှိသမျှ ကာလပတ်လုံး ရုတ်တရက် ဖမ်းဆီး ပြည်နှင်ဒဏ်ပေးခံရမယ့် အန္တရာယ်ကနေ အတိုင်းအတာတစ်ခုအထိ ဘေးကင်းလုံခြုံမှု ရှိနေဆဲ ဖြစ်ပါတယ်။
အထူးသဖြင့် ပိုပြီး စိုးရိမ်စရာကောင်းတဲ့ အချက်ကတော့ မလေးရှား အစိုးရဟာ မြန်မာနိုင်ငံက စစ်ကောင်စီနဲ့ ပုံမှန် ဆက်ဆံရေး တည်ဆောက်ပြီး ဒုက္ခသည်တွေကို ပြန်လည် လွှဲပြောင်းပေးဖို့ သဘောတူညီချက်တွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။
တကယ်တော့ မလေးရှား အစိုးရအနေနဲ့ မြန်မာနိုင်ငံသားတွေကို စစ်ကောင်စီလက်ထဲ ပြန်လွှဲပေးတာဟာ အခုမှ သစ်သစ်လွင်လွင် စတာမဟုတ်ဘဲ ၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက စစ်သင်္ဘောတွေနဲ့ပါ အနည်းဆုံး (၃) ကြိမ်ထက်မနည်း အစုလိုက်အပြုံလိုက် ပြန်ပို့ခဲ့တဲ့ သမိုင်းကြောင်း ရှိခဲ့တာပါ။ ဒါပေမဲ့ အရင်ကထက် အခုအခြေအနေက ပိုပြီး ထိတ်လန့်စရာကောင်းလာတာကတော့ မလေးရှား အစိုးရဘက်က “ဒုက္ခသည် ပြဿနာ ရေရှည် ဖြေရှင်းနိုင်ရေးအတွက် မြန်မာအစိုးရနဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်သွားမှာဖြစ်ပြီး၊ လက်ရှိမှာ မြန်မာအစိုးရဘက်က ဒုက္ခသည် ဦးရေ ၅,၀၀၀ ကို ပထမအဆင့်အဖြစ် ပြန်လည် လက်ခံဖို့ သဘောတူထားပြီး ဖြစ်တယ်” လို့ ထုတ်ဖော် ပြောဆိုလာတာကြောင့် ဖြစ်ပါတယ်။
အရင်ကလို UNHCR ရဲ့ ယာယီ အကာအကွယ် စနစ် မရနိုင်တော့ဘဲ မှတ်ပုံတင်ခွင့်တွေပါ ဆိုင်းငံ့ခံထားရချိန်နဲ့ တိုက်ဆိုင်နေတဲ့အတွက် မလေးရှားရောက် မြန်မာဒုက္ခသည်တွေအကြား စစ်ကောင်စီလက်ထဲ တိုက်ရိုက် ပြန်လွှဲခံရမယ့် ဘေးအန္တရာယ်ဟာ အရင်ကထက် ပိုပြီး နီးကပ် စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။
လက်ရှိ ဒီလို အခြေအနေတွေ ပေါ်ပေါက်လာရတဲ့ အဓိက နောက်ကွယ် အကြောင်းအရင်းတွေနဲ့ ပတ်သက်လို့ ဒုက္ခသည်အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ရှုထောင့်နှစ်ခုကနေ ထောက်ပြ သုံးသပ်ကြပါတယ်။
ပထမတစ်ချက်ကတော့ မလေးရှားနိုင်ငံမှာ ရွေးကောက်ပွဲ နီးကပ်လာနေပြီး လက်ရှိ အစိုးရအနေနဲ့ ဒေသအချို့ရဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ အပြတ်အသတ် ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် မဲပေးပိုင်ခွင့်ရှိတဲ့ မလေးရှား နိုင်ငံသားတွေရဲ့ မဲကို ရရှိနိုင်ဖို့အတွက် အစိုးရအနေနဲ့ ဒုက္ခသည်အရေးနဲ့ တရားမဝင် ရွှေ့ပြောင်းလုပ်သား ကိစ္စတွေကို နိုင်ငံရေး အမြတ်ထုတ် စိစစ်နှိမ်နင်းတဲ့ နည်းလမ်းအဖြစ် အသုံးချလာတာ ဖြစ်တယ်လို့ ဒုက္ခသည်အရေး ဆောင်ရွက်သူတွေက အဓိက စိုးရိမ်စွာ ထောက်ပြကြပါတယ်။
ဒုတိယ အကြောင်းအရင်းကတော့ မလေးရှားနိုင်ငံအတွင်း ရိုဟင်ဂျာ ဒုက္ခသည် ဦးရေ အလွန်အမင်း များပြားလာတာရဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှု ဖြစ်ပါတယ်။ မလေးရှားနိုင်ငံဟာ ရိုဟင်ဂျာတွေအတွက် ကာလရှည်ကြာ ခိုလှုံရာ ဖြစ်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ UNHCR မှာ တရားဝင် မှတ်ပုံတင်ထားတဲ့ ရိုဟင်ဂျာ ဦးရေတင် ၁၂၆,၀၀၀ ခန့် ရှိနေတာပါ။ ဒါပေမဲ့ မကြာသေးမီ လတွေအတွင်း ရိုဟင်ဂျာ ဦးရေ တိုးပွားလာမှုအပေါ် အင်တာနက်မှာ အမုန်းစကားတွေနဲ့ သတင်းအမှားတွေ ပျံ့နှံ့လာတာ၊ စီးပွားရေး ကျဆင်းလာတာနဲ့ ဒေသခံတွေရဲ့ မကျေနပ်မှုတွေ မြင့်တက်လာတာတွေကြောင့် မလေးရှား အစိုးရရဲ့ တင်းကြပ်တဲ့ မူဝါဒ ရိုက်ခတ်မှုဟာ ရိုဟင်ဂျာတွေတင်မကဘဲ မလေးရှားရောက် မြန်မာဒုက္ခသည် အားလုံးအပေါ်ပါ သိမ်းကျုံး ခံရတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာရတာ ဖြစ်ပါတယ်။
ဒီလို ဒေသခံ ပြည်သူတွေရဲ့ မကျေနပ်မှုတွေ မမြင့်တက်လာစေဖို့နဲ့ မလေးရှား အစိုးရရဲ့ ဖိအားပေးမှုကို လျှော့ချနိုင်ဖို့အတွက် UNHCR ဘက်ကလည်း ဒုက္ခသည် အဖွဲ့အစည်းတွေနဲ့ မြေပြင် ခေါင်းဆောင်တွေကို ပုံမှန် သတိပေး ညွှန်ကြားထားရပါတယ်။
ဒါကြောင့် ဒုက္ခသည်တွေအနေနဲ့ ဒေသခံတွေ အမြင်မကပ်စေဖို့ ငြိမ်ငြိမ်သက်သက် နေထိုင်ကြဖို့၊ လူစည်ကားတဲ့ ပွဲလမ်းသဘင်တွေနဲ့ စုဝေးပွဲတွေ မပြုလုပ်ကြဖို့နဲ့ လူမှုကွန်ရက်ပေါ်မှာ ဒေသခံတွေရဲ့ အမျိုးသားရေး စိုးရိမ်မှုကို ထိခိုက်စေမယ့် ရုပ်သံတွေနဲ့ အကြောင်းအရာတွေ မတင်ကြဖို့ စည်းကမ်းချက်တွေ ထုတ်ပြန်ပြီး ထိန်းသိမ်းခိုင်းထားရတဲ့ အခြေအနေ ဖြစ်ပါတယ်။
မလေးရှား အစိုးရရဲ့ UNHCR အပေါ် သဘောထား တင်းကြပ်လာတာဟာ ရိုးရိုးရှင်းရှင်း မှတ်ပုံတင် စနစ်တစ်ခုကို ခေတ္တ ပိတ်ပင်လိုက်တာ မဟုတ်ဘဲ မလေးရှားနိုင်ငံအတွင်း ဒုက္ခသည် စီမံခန့်ခွဲမှု ပုံစံတစ်ရပ်လုံးကို အစိုးရက ရာနှုန်းပြည့် ပြန်လည် ထိန်းချုပ်တော့မယ်ဆိုတဲ့ ပြတ်သားတဲ့ သတင်းစကား ပေးလိုက်တာ ဖြစ်ပါတယ်။
ဒီအပြောင်းအလဲတွေကြောင့် စစ်ဘေးရှောင်တွေနဲ့ UNHCR အထောက်အထား မရသေးတဲ့ မြန်မာ ဒုက္ခသည်တွေဟာ ဖမ်းဆီး ထိန်းသိမ်းခံရမယ့် ဘေးအန္တရာယ်၊ စစ်ကောင်စီလက်ထဲ ပြန်လည် လွှဲပြောင်းခံရမယ့် စိုးရိမ်မှုတွေနဲ့ ဆေးဝါး ကုသခွင့်၊ လုပ်ကိုင် စားသောက်ခွင့်တွေ ကျုံ့သွားတဲ့ စိန်ခေါ်ချက်ကြီးတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

