
DonBosco
အိန္ဒိယ ဗဟိုအစိုးရရဲ့ ၂၀၂၆ ခုနှစ် နိုင်ငံခြားထောက်ပံ့ငွေ (စည်းမျဉ်းသတ်မှတ်ရေး) ပြင်ဆင်ချက် ဥပဒေကြမ်း (FCRA) ဟာ လက်ရှိ ပုံစံအတိုင်းဆိုရင် လက်ခံနိုင်ဖွယ် မရှိတာကြောင့် ပြင်ဆင်မှုတွေ ပြုလုပ်ပေးဖို့ ဗဟိုအစိုးရထံ ပူးတွဲ အစီရင်ခံစာ တင်သွင်းသွားဖို့ မီဇိုရမ် ပြည်နယ် အစိုးရနဲ့ ပြည်နယ်ရဲ့ ထိပ်သီး အသင်းတော် အဖွဲ့အစည်းတွေ ဆုံးဖြတ်လိုက်ကြပါတယ်။
ဒီဆုံးဖြတ်ချက်ကို ဇူလိုင် ၂၅ ရက် (စနေနေ့) က ဝန်ကြီးချုပ်ရဲ့ တရားဝင် နေအိမ်မှာ ဝန်ကြီးချုပ် Lalduhoma နဲ့ Mizoram Kohhran Hruaitute Committee (MKHC)၊ Council of Churches in Mizoram (CCM) တို့မှ ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြစဉ်အတွင်း ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ အစည်းအဝေးမှာ အဆိုပြု ဥပဒေကြမ်းကို ပြင်ဆင်ဖို့ အကြံပြုချက်တွေ ပါဝင်မယ့် အစီရင်ခံစာတစ်စောင်ကို ပြည်နယ်အစိုးရက ပြင်ဆင် ရေးသားသွားဖို့ ဆုံးဖြတ်ခဲ့ကြသလို အဆိုပါ အစီရင်ခံစာကို သွားရောက် တင်သွင်းနိုင်ရေးအတွက် MKHC နဲ့ CCM ခေါင်းဆောင်များ ပါဝင်တဲ့ ပူးတွဲ ကိုယ်စားလှယ်အဖွဲ့ နယူးဒေလီမြို့သို့ သွားရောက်နိုင်ဖို့ ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီး Amit Shah ထံ ဝန်ကြီးချုပ် Lalduhoma က အချိန်းအချက် တောင်းခံသွားဖို့လည်း ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ ဇူလိုင်လ ၂၇ ရက်နေ့က India Today သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဒီအခြေအနေဟာ မီဇိုရမ် ပြည်နယ် ကွန်ဂရက် ကော်မတီ (MPCC) က အဆိုပြု FCRA ပြင်ဆင်ချက် ဥပဒေကြမ်းကို ကန့်ကွက်ကြောင်း ဆုံးဖြတ်ချက် တစ်ရပ် ချမှတ်နိုင်ရေး ပြည်နယ် လွှတ်တော် အထူး အစည်းအဝေး ခေါ်ယူပေးဖို့ ဝန်ကြီးချုပ်ထံ တိုက်တွန်းခဲ့ပြီး ရက်ပိုင်းအကြာမှာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
MPCC ၏ တင်သွင်းစာထဲမှာလည်း ဒီပြင်ဆင်ချက်တွေဟာ ခရစ်ယာန်ဘာသာဝင်တွေနဲ့ အရပ်ဘက် အဖွဲ့အစည်းများ (NGOs) အပေါ် ထိခိုက်နစ်နာစေနိုင်တယ်လို့ ထောက်ပြထားပါတယ်။
FCRA ဥပဒေ ပြင်ဆင်ချက်မှာ ဘာတွေ အဓိက ကန့်သတ်ထားသလဲ?
FCRA လိုင်စင်ရှိတဲ့ အဖွဲ့အစည်းတစ်ခုဟာ နိုင်ငံခြားက ရရှိလာတဲ့ ရန်ပုံငွေကို အခြားသော ဒေသတွင်း အဖွဲ့အစည်းငယ်တွေဆီ တိုက်ရိုက် ပြန်လည် ခွဲဝေ သို့မဟုတ် လှူဒါန်းခွင့် (Sub-grant) လုံးဝ မရှိတော့ပါဘူး။ အဖွဲ့အစည်းတိုင်းဟာ မိမိတို့ ကိုယ်ပိုင် FCRA လိုင်စင် ရှိမှသာ အလှူငွေကို တိုက်ရိုက် လက်ခံ ရယူခွင့် ရှိပါတယ်။
နိုင်ငံခြားက ရရှိလာတဲ့ ဘဏ္ဍာငွေ၏ ၂၀ ရာခိုင်နှုန်း ထက် ပိုပြီး ရုံးစရိတ်၊ ဝန်ထမ်းလစာ၊ ခရီးစရိတ်နဲ့ အုပ်ချုပ်ရေးဆိုင်ရာ ကုန်ကျစရိတ်တွေမှာ သုံးစွဲခွင့် မရှိပါဘူး။ ယခင်က ၅၀ ရာခိုင်နှုန်းအထိ သုံးစွဲခွင့် ရှိခဲ့ရာမှ ပိုမို တင်းကြပ်လိုက်တာ ဖြစ်ပါတယ်။
နိုင်ငံခြား ထောက်ပံ့ငွေ လက်ခံမယ့် အဖွဲ့အစည်းတိုင်းဟာ နယူးဒေလီမြို့မှာရှိတဲ့ State Bank of India (SBI) Main Branch တစ်ခုတည်းမှာသာ “FCRA Account” ကို မဖြစ်မနေ ဖွင့်လှစ်ရပါတယ်။
FCRA လိုင်စင်ဟာ (၅) နှစ်တစ်ကြိမ် သက်တမ်းတိုးရပြီး ဗဟို ပြည်ထဲရေးဝန်ကြီးဌာနက ဘဏ္ဍာရေး စေတနာနဲ့ လုပ်ငန်းဆောင်ရွက်ချက်များကို အသေးစိတ် စုံစမ်းစစ်ဆေးကာ “နိုင်ငံတော် အကျိုးစီးပွား ထိခိုက်သည်” ဟု ယူဆပါက လိုင်စင်ကို ချက်ချင်း ရုပ်သိမ်း သို့မဟုတ် ဆိုင်းငံ့နိုင်ပါတယ်။
ယခင်က ရန်ပုံငွေ ရရှိပုံနှင့် မြေပြင် ထောက်ပံ့မှု လုပ်ငန်းစဉ်များ
ယခင် ကာလများက မီဇိုရမ် ပြည်နယ်ရှိ အသင်းတော်ကြီးများ (ဥပမာ- Baptist Church of Mizoram, Presbyterian Church) နှင့် တရားဝင် FCRA လိုင်စင်ရှိသော အရပ်ဘက် အဖွဲ့အစည်းကြီးများသည် နိုင်ငံခြား အလှူရှင်များထံမှ ရန်ပုံငွေများကို တရားဝင် တိုက်ရိုက် လက်ခံရယူနိုင်ခဲ့ကြပါတယ်။
ထိုမှတစ်ဆင့် မြေပြင်ရှိ နယ်စပ်ဒေသ ကူညီရေး အဖွဲ့ငယ်များ၊ လူငယ်အသင်းများ၊ ဘာသာရေး လူမှုကူညီရေး ကွန်ရက်များနှင့် စစ်ဘေးရှောင် စခန်း စေတနာ့ဝန်ထမ်းများထံသို့ ရန်ပုံငွေများ ခွဲဝေ (Sub-grant) ပေးအပ်ကာ မြန်မာစစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် အဝတ်အထည်များ တိုက်ရိုက် ဝယ်ယူ ထောက်ပံ့ခြင်း၊ ဆေးဝါးနှင့် ကျန်းမာရေး စောင့်ရှောက်မှု ကုန်ကျစရိတ်များ ကျခံပေးခြင်း၊ စစ်ဘေးရှောင် စခန်းများ ဆောက်လုပ်ရေးနှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေး ဆောင်ရွက်ပေးခြင်း စတဲ့ လုပ်ငန်းများကို လျင်မြန်စွာ ပံ့ပိုးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
မြေပြင်ပေါ် ကျရောက်လာတဲ့ ရိုက်ခတ်မှုနဲ့ အဓိက စိန်ခေါ်ချက်များ
အခုလို FCRA စည်းမျဉ်းတွေ တင်းကြပ်လိုက်တာဟာ မြေပြင်မှာ အောက်ပါ အဓိက စိန်ခေါ်ချက်တွေနဲ့ ရိုက်ခတ်မှုတွေကို တိုက်ရိုက် ဖြစ်ပေါ်စေခဲ့ပါတယ်။
FCRA လိုင်စင်ရှိတဲ့ အဖွဲ့အစည်းကြီးတွေက မြေပြင်ရှိ လိုင်စင်မရှိတဲ့ အဖွဲ့ငယ်တွေဆီ ရန်ပုံငွေ ပြန်လည် ခွဲဝေပေးခွင့် ပိတ်ပင်ခံလိုက်ရတာကြောင့် မြေပြင်မှာ တိုက်ရိုက် ကူညီပေးနေတဲ့ လုပ်ငန်းစဉ်တွေ အဟန့်အတား ဖြစ်လာပါတယ်။
ဘဏ်အကောင့် အားလုံးကို နယူးဒေလီ SBI ဘဏ်တစ်ခုတည်းမှာပဲ ထိန်းချုပ်ထားပြီး စစ်ဆေးမှုတွေ များပြားတာကြောင့် အရေးပေါ် လိုအပ်နေတဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါး ထောက်ပံ့ရေး ဘဏ္ဍာငွေတွေ အချိန်မီ မရောက်ရှိနိုင်တော့ပါဘူး။
အုပ်ချုပ်ရေး စရိတ်ကို ၂၀ ရာခိုင်နှုန်းပဲ ကန့်သတ်လိုက်တာကြောင့် မြေပြင် ဝန်ထမ်းတွေ၊ သယ်ယူပို့ဆောင်ရေးနဲ့ ကူညီရေး စခန်းတွေ ရေရှည် ရပ်တည်နိုင်ဖို့ ခက်ခဲလာပါတယ်။
မြန်မာနိုင်ငံဘက်ကနေ မီးဇိုရမ်ဆီ ထွက်ပြေး တိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်တွေအတွက် လတ်တလော လိုအပ်နေတဲ့ လူသားချင်း စာနာထောက်ထားရေး အကူအညီတွေ ပေးအပ်နိုင်ရေးမှာ ကြီးမားတဲ့ ဘဏ္ဍာရေးနဲ့ ဥပဒေဆိုင်ရာ အတားအဆီးတွေ ရင်ဆိုင်နေရပါတယ်။
ဒါကြောင့်လည်း ဒီဥပဒေ ပြင်ဆင်ချက်ဟာ ဒေသတွင်း လူသားချင်းစာနာမှု ကူညီရေး လုပ်ငန်းစဉ်တွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို ကြီးမားစွာ ထိခိုက်စေနိုင်တာကြောင့် မီးဇိုရမ် ပြည်နယ် အစိုးရနဲ့ အသင်းတော် အဖွဲ့အစည်းတွေက ဗဟိုအစိုးရထံ တရားဝင် ထုတ်ဖော် ကန့်ကွက်လိုက်ကြတာ ဖြစ်ပါတယ်။
ပြည်နယ်အစိုးရရဲ့ ကန့်ကွက်ပိုင်ခွင့်နဲ့ အလားအလာ
အိန္ဒိယ အခြေခံဥပဒေအရ နိုင်ငံခြား ထောက်ပံ့ငွေ (FCRA) ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းပိုင်ခွင့်ဟာ ဗဟိုအစိုးရရဲ့ စီမံပိုင်ခွင့်အောက်မှာပဲ ရှိတာကြောင့် ပြည်နယ်အစိုးရအနေနဲ့ ဒီဥပဒေကို တိုက်ရိုက် ပယ်ဖျက်ပိုင်ခွင့် မရှိပါဘူး။
ဒါပေမဲ့ ပြည်နယ်အတွင်း ကြုံတွေ့ရမယ့် မြေပြင် ထိခိုက်နစ်နာမှုတွေကို ထောက်ပြပြီး ဥပဒေ ပြင်ဆင်ပေးဖို့ ဗဟိုအစိုးရထံ တရားဝင် တောင်းဆိုပိုင်ခွင့်နဲ့ ပြည်နယ်လွှတ်တော်မှာ ကန့်ကွက်ကြောင်း အဆိုပြုချက် ပေးပို့ပိုင်ခွင့် အပြည့်အဝ ရှိပါတယ်။
ဒါကြောင့်လည်း မီးဇိုရမ် ပြည်နယ်အစိုးရနဲ့ အသင်းတော် ခေါင်းဆောင်တွေဟာ ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီးထံ ကိုယ်တိုင် သွားရောက်တွေ့ဆုံပြီး ဒေသတွင်း ထိခိုက်နိုင်မှုတွေကို ရှင်းလင်းပြကာ နိုင်ငံရေးအရ ညှိနှိုင်း ပြင်ဆင်နိုင်ဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

