Headlines

ချင်းတော်လှန်ရေးအင်အားစုတွေစုစည်းဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးခဲ့ပေမယ့် ဒီကနေ့ အချိန်ထိ လက်မှတ်မရေးထိုးနိုင်ကြသေးဘူးလို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ပြော

ဇူလိုင်လ ၂၇ ရက်။

ချင်းပြည်တော်လှန်ရေးအင်အားစုတွေအကြား စည်းလုံးညီညွတ်စွာ အုပ်ချုပ်မှုတစ်ခုအောက်မှာ စုစည်းနေထိုင်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (Constitution) ရေးဆွဲပြီး နှစ်ဖက် လက်မှတ်ရေးထိုးခါနီးတွေမှာ လူမျိုးနွယ်စုအကြား ပဋိပက္ခပေါ်ပေါက်လေ့ရှိကာ ဒီကနေ့ အချိန်အထိ လက်မှတ်ရေးထိုးနိုင်ခြင်းမရှိဖြစ်နေရတယ်လို့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာ ဇူလိုင်လ ၂၅ ရက်က ကျင်းပတဲ့ Joint Hnampual Meet 2026 မှာ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Lalduhoma က ပြောဆိုတယ်လို့ သိရပါတယ်။

မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Lalduhoma က “ ကျနော်တို့အစိုးရတာဝန်စယူတဲ့နောက်ပိုင်းမှာ ချင်းပြည်မှာတော်လှန်ရေးအဖွဲ့အစည်းတွေကြား စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ရေးအတွက် ကျနော်တို့အင်တိုက်အားတိုက်နဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ် အရပ်ဖက် နဲ့ တပ် ဖက်ပိုင်းမှာပါ အုပ်ချုပ်မှုတစ်ခုအောက်မှာအတူတကွသွားနိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေလည်း ကျနော်တို့ ရေးဆွဲ ခဲ့ကြပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျနော်တို့ရေးဆွဲပြီး နှစ်ဖက်စလုံးက လက်မှတ်ထိုးခါနီးတွေမှာ တနေရာရာ မှာ မျိုးနွယ်စုတစ်ခုနဲ့တစ်ခုကြားမှာပြသနာပေါ်လာပြီး အဲဒီ အခြေအနေက ကျနော်တို့ကြိုးပမ်းတာတွေကို အဟန့်အတားဖြစ်စေတယ် အခုဆိုရင် ချင်းပြည်မှာရှိတဲ့ ကျနော်တို့ညီအကိုချင်းလူမျိုးတွေ အုပ်ချုပ်မှုတစ်ခုအောက် မှာ နေထိုင်နိုင်ဖို့ ကျနော်တို့ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လက်မှတ်မထိုးနိုင်ကြသေးတဲ့အခြေအနေမှာ ရှိနေပါတယ်၊ တကယ်ဝမ်းနည်းစရာကောင်းပါတယ်” ဟု မီဇီုရမ်ဝန်ကြီးချုပ်ကပြောပါတယ်။

ဒီလို ချင်းတော်လှန်ရေးအင်အားစုတွေအကြား ဘုံရန်သူကို အတူတကွစည်းစည်းလုံးလုံး မတိုက်ခိုက်နိုင်တဲ့အတွက် အိန္ဒိယမြန်မာနယ်စပ် ၊ မီဇိုရမ်နဲ့ နယ်စပ်တလျှောက်နယ်မြေတွေအားလုံး လိုလိုဟာလည်း မြန်မာစစ်တပ်လက်ထဲ ကျရောက်သွားမယ့် စိုးရိမ်ရတဲ့ အခြေအနေသို့ ရောက်ရှိသွားပြီဖြစ်တဲ့ကြောင်းကိုလည်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Lalduhoma က ပြောပါတယ်။

ချင်းလူမျိုးတွေအကြား စည်းလုံးညီညွှတ်နိုင်ရေးအတွက် ဘုံဘာသာစကား အရေးကြီးကြောင်းနဲ့ ဘာသာစကား တစ်ခုတည်း အတူတကွ အသုံးမပြုနိုင်ရင် အမှန်တကယ်ရင်းနှီးဆက်ဆံမှု ထိတေ့ွဆက်ဆံမှု မရရှိနိုင်ဘူးလို့လည်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Lalduhoma က ပြောပါတယ်။

“ ဒီနေရာမှာ စည်းလုံးညီညွတ်ဖို့အတွက် ဘာသာစကားကအလွန်အရေးကြီးပါတယ် ချင်းပြည်ဘက်ကိုပြန်ကြည့်ရင် ဘုံ ဘာသာစကားမှာ ဗမာစကားကိုအသုံးပြုကြတာတွေ့ရပါတယ် လူမျိုးခြားရဲ့ဘာသာစကားကို ကိုယ့်လူမျိုးတွေရဲ့ ဘုံဘာ သာစကားအဖြစ်သုံးတာဟာ အများကြီးအကျိုးသက်ရောက်မှုတွေဖြစ်စေပါတယ် ကျနော်တို့ရဲ့စိတ်နှလုံးထဲမှာ ဘာသာ စကားတစ်ခုတည်းကို အတူတကွအသုံးမပြုနိုင်ဘူးဆိုရင် အမှန်တကယ်ရင်းနှီးဆက်ဆံမှု၊ ထိတွေ့ဆက်ဆံမှုမရှိနိုင်ဘူး၊ လူမျိုးတစ်မျိုးပြန်လည်ပေါင်းစည်းဖို့အတွက် ဘာသာစကားရဲ့အရေးကြီးပုံကို လက်တွေ့မြင်တွေ့ရတဲ့သူတွေက ဘာပြောလဲဆိုရင် ပြန်လည်စည်းလုံးညီညွတ်ဖို့အတွက် သွေးထက် ဘာသာစကား က ပိုပြီးအရေးကြီးတယ်လို့ ဆိုကြပါ တယ်” ဟု မီဇိုရမ်ဝန်ကြီးချုပ်ကပြောပါတယ်။

ချင်းတော်လှန်ရေးအင်အားစုတွေအကြား စည်းလုံးညီညွှတ်နိုင်ဖို့ နှစ်ဘက်အပြန်အလှန် ယုံကြည်မှု မတည်ဆောက်နိုင်သေးတာတွေကြောင့် အခုလို လက်မှတ်ရေးထိုးနိုင်ဖို့ ကြန့်ကြာနေရတာဖြစ်တယ်လို့လည်း ချင်းတော်လှန်ရေးအင်အားစုတွေဘက်က ထောက်ပြ ပြောဆိုမှုတွေလည်း ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *