Headlines

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အမှန်တကယ်ဆန္ဒရှိရင် စစ်အုပ်စုအနေဖြင့် သက်သေပြရမယ့် အချက်တချို့ Chinland Council ထုတ်ပြန်

ဇူလိုင်လ ၂၇ ရက်။

စစ်အုပ်စုအနေဖြင့် နိုင်ငံရေပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အမှန်တကယ်ဆန္ဒရှိရင် စစ်အုပ်စုဘက်ကနေ ကနဦးဆောင်ရွက်ပြီး သက်သေပြရမယ့် အချက် တချို့ကို ချင်းအမျိုးသားတပ်ဦး(CNF)ဦးဆောင်တဲ့ Chinland Council က ဇူလိုင်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

စစ်အုပ်စုအနေဖြင့် အရပ်သားပြည်သူအဆောက်အဦးတွေ ၊ ကျန်းမာရေး၊ ပညာရေးနဲ့ ဘာသာရေး အဆောက်အဦးတွေ အပါအဝင် အရပ်သားပစ်မှတ်တွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်ဆိုင်းခြင်း၊ စစ်ဘေးဒဏ်သင့် အရပ်သားပြည်သူတွေထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလွတ်လပ်စွာဝင်ရောက်စေခြင်း၊ အတင်းအဓမ္မစစ်သားစုဆောင်းခြင်းတွေရပ်ဆိုင်းခြင်းနဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ခြွှင်းချက်မရှိ လွှတ်ပေးခြင်း စတဲ့ လုပ်ငန်းစဉ်တွေကို ကနဦး ဆောင်ရွက်ခြင်းဖြင့် သက်သေပြရမယ်လို့ ဆိုပါတယ်။

စစ်အုပ်စုကိုယ်တိုင် ၎င်းတို့စိတ်ကြိုက်ဖွဲ့စည်းထားလိုက်တဲ့ ရွေးတုအစိုးရကို တရားဝင်ဒီမိုကရေစီအစိုးရအဖြစ် အသိမှတ်ပြုနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေသလို ကြည်း၊ ရေ၊ လေ အင်အားအလုံးအရင်းသုံးလျက် စစ်ရေးအရှိမြှင့်ာခြင်း၊ အပြစ်မဲ့အရပ်သားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပိုမိုအကြမ်းဖက်တိုက်ခိုက်လာခြင်း ၊ အိမ်နီးချင်းနဲ့ ပြည်ပနိုင်ငံတချို့ရဲ့ ဖိအားကို အသုံးပြုပြီး တော်လှန်ရေးအင်အားစုတွေကို သီးခြားစီတွေ့ဆုံဆွေးနွေးခြင်းတွေ ပြုလုပ်နေခြင်းတွေအပေါ်မှာ အထူးသတိထားရမယ်လို့လည်း Chinland Council ကဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေအနေဖြင့်လည်း ပြည်သူလူထုရဲ့ ဆန္ဒနဲ့ CDM လှုပ်ရှားမှုများရဲ့ ရည်မှန်းချက်တွေကို အလေးထားကာ စစ်အုပ်စုအတွက် တရားဝင်စေမယ့် လုပ်ရပ်တွေကို ရှောင်ရှားကာ ခေတ်စနစ်ပြောင်းလဲရေးကိုသာ ရှေးရှုပြီး ပြည်သူ့တော်လှန်ရေးကို ဆက်လက်ထမ်းဆောင်သွားကြဖို့ကိုလည်း တိုက်တွန်းတဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်ဟာ ဇူလိုင်လ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ကျင်းပခဲ့တဲ့ Chinland Council ရဲ့ ဒုတိယသက်တမ်း၊ တတိယအကြိမ် ကောင်စီအစည်းအဝေးရဲ့ ထုတ်ပြန်ကြေညာချက်ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *