Headlines

Starlink မူဝါဒ အသစ်မှာ အင်တာနက်လိုင်းတွေ မရတော့မှာကို ချင်းပြည်နယ်က ဒေသခံတချို့စိုးရိမ်နေကြ

ဇူလိုင်လ ၁၇ ရက်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ ဒေသတွေမှာ ကျုယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြတဲ့ ဂြိုလ်တု Starlink အင်တာနက်လိုင်းတွေ သြဂုတ်လ ၁၂ ရက်နေ့မတိုင်ခင်အထိ အသုံးပြုလို့ရမှာဖြစ်ပြီး သြဂုတ်လ ၁၃ ရက်နေ့ကစလို့ Starlink မူဝါဒ အသစ်စတင် အသက်ဝင်လာတော့မှာဖြစ်လို့ ဖုန်းလိုင်း၊ အင်တာနက်လိုင်း မရတဲ့ ချင်းပြည်နယ်က ဒေသခံတွေက အင်တာနက်လိုင်းကို အရင်လို မရတော့မှာကို စိုးရိမ်မှု မြင့်တက်နေပါတယ်။

ဂြိုလ်တု Starlink အင်တာနက်လိုင်းတွေကို ၂၀၂၆ ခုနှစ် ၊ သြဂုတ်လ ၁၃ ရက်နေ့ကစလို့ နိုင်ငံခြားတွင် ရက်ရှည်အသုံးပြုသူတွေ အတွက် မူဝါဒအသစ်ကို စတင်အသုံးပြုတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက “ လိုင်စင်မရှိတဲ့ နိုင်ငံတွေကို ပိတ်ဖို့ ပြင်ဆင်နေတယ်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတွေမှာက ဂြိုလ်တု Starlink လိုင်စင်ရှိကြတယ် မြန်မာနိုင်ငံနဲ့ အိန္ဒိယက လိုင်စင်မရှိဘူး တည်နေရာကို နိုင်ငံခြားလို့ပြပြီး အသုံးပြုကြလို့သာ အခုလို လိုင်းရကြတာ၊ တည်နေရာကို all Location နဲ့ ထားပြီး အရင်ကတော့ ဖလမ်းမြို့နယ်တွေမှာ ရကြတယ် အိန္ဒိယ – မြန်မာနယ်စပ်ဖြစ်တဲ့ ရိခေါဒါရ်ဘက်တွေမှာဆိုမရဘူး။ All Location မထားတဲ့ဟာတွေ ဥပမာ အိန္ဒိယ – မြန်မာနယ်စပ်နားက ခမ်းပတ်မှာ မရတဲ့ဟာ ကလေးမြို့နယ်မှာတော့ ရတယ် အဲလိုမျိုးပေါ အခုမူဝါဒအသစ်မှာ ဘယ်လိုဖြစ်လာမလဲ မသိရသေးဘူး၊ အသုံးပြုလို့ ဆက်ရ၊ မရတော့ မသိသေးဘူး။ မရမှာကိုတော့ စိုးရိမ်နေကြတယ်” လို့ပြောပါတယ်။

ချင်းပြည်နယ်ဟာ အင်တာနက်လိုင်းတွေ အဆိုးရွားဆုံး ဖြတ်တောက်ခံရထားဒေတွေထဲမှာ ပါဝင်ပြီး ဂြိုလ်တု Starlink အင်တာနက်လိုင်းကိုသာ အဓိကထားပြီး ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်တွေအတွက် အသုံးပြုနေကြတာဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ဖလမ်းမြို့နယ်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက “ အထူးသဖြင့် ချင်းပြည်နယ်မှာ လက်ရှိကျနော်တို့အခြေအနေက နိုင်ငံခြားမှာရှိတဲ့ ဆွေမျိုးသားချင်းတွေဆီက အကူအညီအထောက်အပံ့တွေနဲ့ဘဲ စားသောက်ဖို့ ရှိတဲ့ အနေထားဖြစ်တယ် တောင်ယာတွေလည်း ဘာမှလုပ်လို့မရတော့တဲ့အခါကြတော့ မိုင်းအန္တရာယ်လိုမျိုးတွေလည်း အရမ်းများတယ်ခါကြတော့ နိုင်ငံခြားကနေ ထောက်ပံ့တဲ့ဟာတွေနဲ့ အသက်ရှင်ကြတာဖြစ်တော့ အင်တာနက်လိုင်းတွေ မရတော့ရင် သူတို့တွေနဲ့ အဆက်အသွယ်တွေ ပြတ်တောက်သွားနိုင်တယ် နောက်ပြီး ဘဏ်ကနေ ပိုက်ဆံထုတ်တာတွေမှာ အခက်ခဲဖြစ်နိုင်တယ်၊ နောက်ပြီး အွန်လိုင်းမသုံးနိုင်တော့ရင် သတင်းအချက်အလက်တွေ မရတော့ရင် လေကြောင်းအန္တရာယ်သတိပေးတာတွေ မြန်မာစစ်တပ်တွေရဲ့ ထိုးစစ်တွေ ဒါတွေအားလုံးအတွက် သတိပေးချက်တွေ ပြည်သူက မသိနိုင်တော့ရင် ဖုန်းနဲ့ကလည်း ဆက်သွယ်မရတဲ့ပြင် အွန်လိုင်းကနေပါ ဖတ်လို့မရရင် ပြည်သူလူထုအတွက် အင်မတန်အန္တရာယ်များပြီး ကြောက်ဖို့ကောင်းတယ် အရပ်သားသေဆုံးမှုတွေလည်း အရင်ကထက် ပိုများလာနိုင်တယ် ဒါတွေကို ပြည်သူအနည်းအများက ကြုံရနိုင်တယ်”လို့ပြောပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဟားခါး၊ တီးတိန်မြို့တွေမှာတော့ MPT လိုင်းတွေ ပုံမှန်အသုံးပြုလို့ရနေပြီး စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်တဲ့ ဖလမ်းမြို့မှာတော့ ဖုန်းနဲ့ MEC SIM ကဒ်တွဲဖက်ရောင်းချ အသုံးပြုနေကြသလို ၊ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်တဲ့ ကျန်တဲ့ချင်းပြည်နယ်မြို့ရွာဒေသတွေမှာတော့ ဂြိုလ်တု စတားလင့် အင်တာနက်လိုင်းကိုသာ အဓိကထားအသုံးပြုနေကြရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

Starlink ရဲ့ မူဝါဒအသစ်အရ စက်တစ်လုံးကို မူလမှတ်ပုံတင်ထားတဲ့ နိုင်ငံရဲ့ ပြင်ပမှာ ရက်ပေါင်း ၃၀ ဆက်တိုက် အသုံးပြုပြီးနောက် အဲဒီစက်နဲ့ ချိတ်ဆက်ထားတဲ့ အကောင့်ကို လက်ရှိ အသုံးပြုနေတဲ့ နိုင်ငံ ဒါမှမဟုတ် ဒေသ ( Region) အလိုက် ပြောင်းလဲသတ်မှတ်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ပုံတင်ထားတဲ့ နိုင်ငံအတွင်း ဘယ်နေရာမှာမဆို အသုံးပြုနိုင်ပြီး နိုင်ငံတကာအတွက် အသုံးပြုမှုကိုတော့ သတ်မှတ်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာဦးစားပေး အဆင့်မြင့်တင်မှု လုပ်ဆောင်ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံဟာ Starlink အင်တာနက်ကို တရားဝင်ခွင့်ပြုထားခြင်းမရှိသေးတာကြောင့် လာမယ့်လအတွင်းမှာ စက်အများအပြားအသုံးပြုမှု ရပ်ဆိုင်းသွားနိုင်တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံဟာ Starlink အင်တာနက်နဲ့ တရားဝင်စာချုပ်ချုပ်ထားခြင်း မရှိပေမယ့် လူသားချင်းစာနာမှုအရ သုံးစွဲခွင့်ရရှိနေတာဖြစ်ပြီး အသုံးပြုမှုတွင်ကျယ်လာတာနဲ့အမျှ နယ်စပ်ဒေသတွေမှာရှိတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေက ဒီစက်တွေကို အသုံးပြုလာတာတွေကြောင့် Starlink ဝန်ဆောင်မှု မူဝါဒတွေကို ပိုမိုတင်းကျပ်လာတာဖြစ်တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *