Headlines

အိန္ဒိယ-မြန်မာနယ်စပ်တွင် ရေကြီးမြေပြိုမှုကြောင့် ဘုရားကျောင်းအပါအဝင်နေအိမ်များ ပျက်စီး

ဇူလိုင်လ ၁၅ ရက်။

အိန္ဒိယ-မြန်မာနယ်စပ်၊ မီဇိုရမ်ပြည်နယ်၊Lawngtlai ခရိုင် အတွင်းရှိ Zochachhuah ကျေးရွာ မှာ ရက်ဆက်သည်းထန်စွာ ရွာသွန်းခဲ့တဲ့ မုတ်သုံမိုးကြောင့် ပြင်းထန်တဲ့ ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားပြီး ဆောက်လုပ်ဆဲ ဘုရားကျောင်းနဲ့ လူနေဆောင် အပါအဝင် ဒေသခံနေအိမ်တွေ ပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ Changhma Times သတင်းစာမှာ ဖော်ပြထားပါတယ်။

အဆိုပါ နယ်စပ်ကျေးရွာမှာ ပြင်းထန်တဲ့ ရေကြီးမှုကြောင့် နေအိမ် ၇ လုံး ရေမြုပ်ကာ အိမ်ထောင်စုသုံး ပစ္စည်းတွေနဲ့ အဖိုးတန်ပစ္စည်းတွေ ရေထဲမျောပါ ဆုံးရှုံးခဲ့ရသလို၊ ကြီးမားတဲ့ မြေပြိုမှုကြောင့် ဘုရားကျောင်းဝင်းအတွင်း ဆောက်လုပ်ရေးပစ္စည်းတွေဖြစ်တဲ့ ဘိလပ်မြေ၊ သွပ်ပြား၊ ကြွေပြား၊ သစ်နဲ့ ကိရိယာတန်ဆာပလာတွေအားလုံး မြေစာပုံကြီးအောက် ပိမိသွားခဲ့ပြီး အများအပြား ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

အခုလို နယ်စပ်ဒေသအပါအဝင် မီဇိုရမ်ပြည်နယ် တောင်ပိုင်းတစ်ခွင်မှာ မုတ်သုံမိုး အဆက်မပြတ် သည်းထန်ခဲ့တာကြောင့် ပြင်းထန်တဲ့ ရေကြီးမှု၊ မြေပြိုမှုတွေနဲ့ နေရာအနှံ့ လမ်းပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့ပြီး၊ ရေဘေးသင့်ဒေသတွေက မိသားစုပေါင်း ၁၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ချန်မာတိုင်းမ်စ် သတင်းအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြည်နယ်ရဲ့ ဒေသအတော်များများမှာ မိုးရွာသွန်းမှု လျော့ပါးသွားခဲ့ပေမဲ့ ပြည်သူထောင်ပေါင်းများစွာကတော့ သဘာဝဘေးအန္တရာယ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

မီဇိုရမ်ပြည်နယ်၊ ခရိုင်အသီးသီးရဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ (DDMAs) တွေရဲ့ စုစည်းတင်ပြချက်အရ အဆိုးရွားဆုံး ထိခိုက်ခံရတဲ့ ဒေသကတော့ Lunglei ခရိုင် ထဲက Tlabung ဆပ်ဒီဗီရှင်း ဖြစ်ပါတယ်။ အဲဒီဒေသမှာ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် စီးဆင်းနေတဲ့ Khawthlangtuipui မြစ်ရေဟာ လျှံတက်လာခဲ့ပြီး မြစ်ကမ်းဘေးက ကျေးရွာအတော်များများ ရေမြုပ်ခဲ့တာ ဖြစ်ပါတယ်။

တာဝန်ရှိသူတွေရဲ့ အတည်ပြုချက်အရ Tlabung မြို့ က မိသားစု ၄၂ စု၊ Tiperaghat ကျေးရွာ က မိသားစု ၄၅ စု၊ Nunsury ရွာ က မိသားစု ၈ စုနဲ့ Malsury ရွာ က မိသားစု ၅ စုတို့ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ နေရပ်စွန့်ခွာရတဲ့ ဒေသခံအများစုဟာ ဆွေမျိုးတွေရဲ့ နေအိမ်တွေမှာ သွားရောက်ခိုလှုံနေကြရပြီး၊ အချို့ကိုတော့ ရေပြန်မကျမချင်း အစိုးရအဆောက်အအုံတွေနဲ့ လူမှုရေးခန်းမတွေမှာ နေရာချထားပေးထားပါတယ်။

ဒါ့အပြင် ချက်ကမာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်ကောင်စီ (CADC) နယ်မြေအတွင်းမှာလည်း Udalthana ရွာ အနီးရှိ Sumsilui မြစ်ရေလျှံမှုကြောင့် ဒေသခံတောင်သူ ၅ ဦးရဲ့ စိုက်ပျိုးရေးမြေတွေနဲ့ ငါးကန်တွေ ပျက်စီးခဲ့ရပြီး၊ လက်ရှိ မုတ်သုံရာသီကြောင့် ထိခိုက်နေတဲ့ စားဝတ်နေရေးကို ပိုပြီး ထိုးနှက်ချက် ဖြစ်စေခဲ့ပါတယ်။

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မီဇိုရမ်ပြည်နယ်တစ်ဝှမ်းမှာ မြေပြိုခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ ကျောက်တုံးများ ပြိုကျခြင်းနဲ့ မြေထိန်းနံရံများ ပြိုကျခြင်းတို့ ဖြစ်ပွားခဲ့ပြီး သယ်ယူပို့ဆောင်ရေးနဲ့ နေ့စဉ်လူမှုဘဝတွေကို ပြင်းပြင်းထန်ထန် အဟန့်အတား ဖြစ်စေခဲ့ပါတယ်။

မီဇိုရမ်တောင်ပိုင်းကို ဆက်သွယ်ထားတဲ့ ပြည်နယ်ရဲ့ အဓိကလမ်းမကြီးတစ်ခုမှာ ကြီးမားတဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး Lunglei ခရိုင်၊ Bualte ရွာ နဲ့ Theiriat ကျေးရွာ တွေအနီးမှာ ခရီးသည် ၄၀၀ ကျော် လမ်းပိတ်မိနေဆဲ ဖြစ်ပါတယ်။

အိန္ဒိယ မိုးလေဝသဌာန (IMD) ကတော့ မိုးအသင့်အတင့် ဆက်လက်ရွာသွန်းနိုင်ပြီး မြေပြိုမှုနဲ့ လျှပ်တစ်ပြက် ရေကြီးမှုတွေ ထပ်ဖြစ်နိုင်ကြောင်း ကြိုတင်သတိပေးထားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *