
ဇူလိုင်လ ၆ ရက်။
မီဇိုရမ် ပြည်နယ်ရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဗျူရို (ACB)က သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အစီရင်ခံစာ ထုတ်ပြန်လိုက်ပြီး၊ အဂတိလိုက်စားမှု မှုခင်းပေါင်း ၃၅ မှု ရှိခဲ့တဲ့အနက် လူပေါင်း ၁၁၂ ဦးကို ထောင်ဒဏ်နဲ့ ပြစ်ဒဏ်တွေ ထိရောက်စွာ ချမှတ်နိုင်ခဲ့ပါတယ်။
ပြည်နယ်ရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဗျူရို (ACB) က ထုတ်ပြန်တဲ့ အဆိုပါ နှစ်ပတ်လည်အစီရင်ခံစာကို ဇူလိုင်လ ပထမအပတ်အတွင်း ဝန်ကြီးချုပ်ရုံးမှာ တရားဝင် ထုတ်ပြန်ပေးခဲ့တာဖြစ်ပြီး၊ ၎င်းအစီရင်ခံစာအရ ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်ကနေ ယခု ၂၀၂၆ ခုနှစ်အထိ ၁၆ နှစ်တာကာလအတွင်း အရေးယူမှုတွေ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ဝန်ကြီးချုပ် Lalduhoma က “လက်ရှိ မိမိတို့အစိုးရဟာ အဂတိလိုက်စားမှုကို လုံးဝ(လုံးဝ) သည်းခံခွင့်လွှတ်မှာမဟုတ်တဲ့ ‘Zero-Tolerance’ မူဝါဒကို ကိုင်စွဲထားတာဖြစ်ပြီး၊ ပြည်နယ်အတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေကို ပိုမိုအရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ဖို့အတွက် ACB အဖွဲ့အစည်းကို ရော၊ Mizoram Lokayukta (ပြည်သူ့တိုင်ကြားစာစစ်ဆေးရေးအဖွဲ့) ကိုပါ အရင်ကထက် လုပ်ပိုင်ခွင့်အာဏာနဲ့ အင်အားတွေ ပိုမိုတိုးမြှင့် ဖြည့်ဆည်းပေးထားတယ်” လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အစိုးရဌာနအသီးသီးမှာ ရှိနေတဲ့ တาဝန်ရှိသူတွေအနေနဲ့လည်း အဂတိလိုက်စားမှု ကင်းစင်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ပြည်သူလူထုကို လုပ်ငန်းကျွေးပြုကြဖို့ ဝန်ကြီးချုပ်က တိုက်တွန်းပြောဆိုသွားခဲ့တယ်လို့ NorthEast Today သတင်းဌာနမှာ ဖော်ပြပါတယ်။
အခုလို ACB ရဲ့ သမိုင်းဝင် နှစ်ပတ်လည်အစီရင်ခံစာ ပထမဆုံးအကြိမ် ထွက်ရှိလာခြင်းဟာ Mizoram ပြည်နယ်ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းပေါ်မှာ အရေးပါတဲ့ မှတ်တိုင်တစ်ခု ဖြစ်လာတယ်လို့ မီဇိုရမ်ပြည်နယ် အခြေစိုက် သတင်းဌာနတွေမှာ ဖော်ပြကြပါတယ်။

