Headlines

ချင်းလူငယ်အနုပညာရှင် Pau Za Langh ရဲ့ တကိုယ်တော် ပန်းချီပြပွဲ မှ ပန်းချီကား အားလုံး ရောင်းထွက်

ဇူလိုင်လ ၆ ရက်။

ဇူလိုင် ၁ ရက်နေ့ ကနေ ၅ ရက်နေ့ အထိ ပြင်ဦးလွင်မြို့ တောင်လှေကား-Home Art Gallery မှာ ပြုလုပ်ခဲ့တဲ့ ချင်းလူငယ် ပန်းချီ အနုပညာရှင် Pau Za Langh ရဲ့ Between ခေါင်းစဉ် နဲ့ ပြုလုပ်တဲ့ ပထမဆုံးသော တကိုယ်တော်ပန်းချီပြပွဲ မှာ ပြသခဲ့တဲ့ ပန်းချီကား အားလုံး ရောင်းထွက် ခဲ့တယ်လို့ ပြပွဲစီစဉ်သူများ ထံမှ သိရှိရပါတယ်။

Pau Za Langh ရဲ့ တကိုယ်တော်ပန်းချီပြပွဲ စတုတ္ထ နေ့မှာ ပြသထားတဲ့ ပန်းချီကား ပေါင်း ၅၇ ကား (ထပ်တိုး ၂ ကား) အားလုံး sold out ဖြစ်သွား ခဲ့ကြောင်း၊ ဇူလိုင် ၅ ရက်နေ့ အထိ ပြပွဲကို ဆက်လက် ကျင်းပခဲ့ကြောင်း တောင်လှေကား-Home Art Gallery ရဲ့ ဖော်ပြချက် အရ သိရှိရ ပါတယ်။

“ပြပွဲက တော်တော်လေး ကျေနပ် ဖို့ ကောင်းတယ်။ အောင်မြင် ထင်ရှားတဲ့ အနုပညာသမားတွေ၊ လုပ်ငန်းရှင်းတွေ၊ ကျောင်းသားကျောင်းသူတွေ၊ မြို့ခံတွေ နဲ့ တခြား ဒေသက ပရိသတ်တွေပါ လာကြတာတွေ့ရ တယ်။ ၄ ရက်မြောက်နေ့မှာ အကုန် ရောင်းထွက်တာ တွေ့ရတယ်။ ၅ ရက်မြောက် နေ့မှာတော့ တေးရေးဆရာ ဆလိုင်း ဂေလိန်းမောင် အပါအဝင် ချင်း အနုပညာရှင် တချို့ ကပါ ဝိုင်းရံ အားပေး ကြတာ တွေ့ရတယ်” လို့ ရန်ကုန်ကနေ ပြပွဲကို အားပေးဖို့ ပြင်ဦးလွင်ကို သွားရောက်ခဲ့တဲ့ ချင်းလူငယ် တဦးက ပြောကြား သွားပါတယ်။

အနုပညာရှင် ကို Pau Za Langh “တက်သစ်စ လူငယ် တယောက် အနေနဲ့ ပန်းချီ ကားချပ်ရေ ၅၇ ကားနဲ့ အတူ ပြပွဲ ခန်းမ ထဲမှာ ရပ်နေရတာ ဟာ စိတ်လှုပ်ရှားစရာ ကောင်းသလို တဖက်မှာလည်း အလွန် ရင်ဖိုခဲ့ရ ပါတယ်။ အခုလို ကျွန်တော့်ရဲ့ ပန်းချီကား အားလုံး ရာနှုန်းပြည့် အကုန်ရောင်းချခွင့် ရခဲ့တာဟာ တယောက်တည်း အားနဲ့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ မှတ်တိုင် တခု ပါ။ ဒီ အောင်မြင်မှုဟာ ခင်ဗျာတို့ အားလုံးကြောင့် ဖြစ်တယ်” လို့ မှတ်ချက်ပြု ပြောကြား သွားပါတယ်။

Artist Pau Za Langh ရဲ့ Between တကိုယ်တော် ပန်းချီပြပွဲမှာ Echoes in the stone (Animals) series ဆိုတဲ့ ချင်းတောင်ရှိ ကမ္ဗည်းကျောက်တိုင်တွေ အပေါ် သူ့ အမြင်များပေါင်းစပ် ရေးသားသည့် ပန်းချီ စီးရီး တစ်ခု အပါအဝင် ချင်းရိုးရာ အငွေ့အသက်များ အဓိက ဖော်ညွှန်းတဲ့ ပန်းချီကားပေါင်း ၅၇ ကား ပြသသွားခဲ့ပါတယ်။

Artist Pau Za Langh ဟာ မန္တလေး National University of Art and Culture ကျောင်းကနေ ပန်းချီ မေဂျာ နဲ့ ဘွဲ့ရထားတဲ့ ချင်းလူငယ်တဦး ဖြစ်ပြီး ရိုးရာ နဲ့ contemporary ကို အားပြုရေးဆွဲတဲ့ လူငယ် ပန်းချီဆရာ တဦး ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *