
ဇွန်လ ၂၆ ရက်။
ဆလိုင်းတင်မောင်ဦးရဲ့ ယုံကြည်ချက်နဲ့ ခံယူချက်တွေကို လက်ဆင့်ကမ်းသယ်ဆောင်ပြီး စစ်အာဏာရှင်စနစ်ကို ဆက်လက်တိုက်ပွဲသွားမယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)၊ချင်းကျောင်းသားသမဂ္ဂ(မြန််မာ)နဲ့ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho) က ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း နှစ်(၅၀) ပြည့်မြောက်တဲ့ ဒီကနေ့ ဇွန်လ ၂၆ ရက်နေ့မှာ အသီးသီးထုတ်ပြန်ပါတယ်။
၁၉၅၀ ခုနှစ်က တောင်ငူမြို့မှာ မွေးဖွားခဲ့ပြီး ရန်ကုန်မြို့မှာ ကြီးပြင်းခဲ့သူ ဆလိုင်းတင်မောင်ဦးသည် ရန်ကုန်ဝိဇ္ဇာ သိပ္ပံတက္ကသိုလ်မှာ သတ္တဗေဒ ဘာသာရပ်တတိယနှစ်ကျောင်းသားဖြစ်ပါတယ်။
ဆလိုင်းတင်မောင်ဦးဟာ ၁၉၆၉ ကျွန်းဆွယ် အားကစားပွဲ ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၂ ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၄ သမိုင်းချည်မျှင်နှင့် အထည်စက်ရုံ အလုပ်သမားသပိတ်၊ ဦးသန့်အရေးခင်းနှင့် ၁၉၇၆ မှိုင်းရာပြည့်လှုပ်ရှားမှု စသည့် လှုပ်ရှားမှုများမှာ လူထုကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ် ချင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီမှာလည်း ပါဝင်လှုပ်ရှားခဲ့ပြီး ၁၉၇၄ ခုနှစ်မှာ ဆလိုင်းတင်မောင်ဦးသည် အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပါတယ်။
၁၉၇၆ ခုနှစ် မတ်လ မှိုင်းရာပြည့် လှုပ်ရှားမှုဖြင့် ဆလိုင်းတင်မောင်ဦး အဖမ်းခံရချိန်တွင် ဆလိုင်းတင်မောင်ဦး၏ ဖခင်၊ မိခင်၊ ညီနှင့် ၉တန်းကျောင်းသူအရွယ် ညီမ တို့ပါ အဖမ်းဆီးခံခဲ့ရပြီး ဗိုလ်ချုပ်ကြီးနေဝင်း စစ်အစိုးရက ဆလိုင်းတင်
မောင်ဦးကို ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်မှာ ကြိုးပေးသေဒဏ်ပေးခဲ့ကာ မိသားစုဝင်များကို ၉ နှစ်၊ ၇ နှစ်၊ ၅ နှစ် စသည့် ထောင်ဒဏ် အသီးသီးချမှတ်ခဲ့ပါတယ်။
“စစ်ခုံရုံးမှာ ပြင်ဆင်ချက်တင်ရင် ပြစ်ဒဏ်လျှော့ပေးမယ်လို့ သေဒဏ်နဲ့ ပတ်သက်ပြီး စစ်အစိုးရ ဘက်က ကမ်းလှမ်းခဲ့ပေမယ့် ဆလိုင်းတင်မောင်ဦးက “မင်းတို့ ငါ့ခန္ဒာကိုယ်သာ သတ်လို့ရမယ် ငါ့ရဲ့ယုံကြည်ချက်နှင့် ရပ်တည်ချက်ကိုတော့ ဘယ်တော့မှ သတ်လို့ရမှာမဟုတ်ဘူး။ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်နိုင်ဘူး” လို့ ရဲဝံ့စွာ တုံ့ပြန်ခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၇၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှာ စစ်ထောက်လှမ်းရေးတစုက ဆလိုင်းတင်မောင်ဦးကို အင်းစိန်ထောင်ထဲမှာပဲ လူမသိသူမသိ အတင်းအဓမ္မခေါ်ထုတ်ကာ ကြိုးပေးသတ်ဖြတ်ခဲ့ပါတယ်” လို့ ဗကသများအဖွဲ့ချုပ် (ABFSU)ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ချင်းကျောင်းသားသမဂ္ဂ(CSU -Myanmar) အနေဖြင့် ဆလိုင်းတင်မောင်ဦးရဲ့ စိတ်ဓာတ်၊ ယုံကြည်ချက်နဲ့ ရပ်တည်ချက်တွေကို ဆုပ်ကိုင်ပြီး စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးအတွက် ကျောင်းသားလူငယ်၊ ပြည်သူလူထုနဲ့ အတူ ဆက်လက်ရပ်တည်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အရှိူ(ချင်း)တိုင်းရင်းသား ဆလိုင်းတင်မောင်ဦးရဲ့ ရဲရင့်မှု၊ စွန့်လွှတ်မှုနဲ့ ခံယူချက်တွေဟာ အရှို(ချင်း) တိုင်းရင်းသား တစ်မျိုးတည်းအတွက် မဟုတ်ဘဲ အဖိနှိပ်ခံ ပြည်သူလူထုတစ်ရပ်လုံးအတွက် ကိုယ်စားပြုတိုက်ပွဲဝင်ရင်း အသက်အသေခံ တော်လှန်ခဲ့သူဖြစ်တယ်လို့ CDF – Asho ဆိုပါတယ်။
တိုင်းရင်းသား လူမျိုးစုအားလုံးအတွက် ကောင်းမွန်မျှတမှုရှိတဲ့ နိုင်ငံရေးစနစ်နဲ့ တန်းတူညီမျှမှုကို အာမခံချက်ရှိတဲ့ ပြည်ထောင်စုသစ်တစ်ရပ် ပေါ်ပေါက်လာသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း CDF – Asho က ကတိသစ္စာပြုကြောင်း ထုတ်ပြန်ထားပါတယ်။

