
ဇွန်လ ၁၆ ရက်။
မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနက ပြစ်ဒဏ်ကျခံပြီးသား နိုင်ငံခြားသားအကျဉ်းသားတွေကို ဇွန်လ ၁၅ ရက်နေ့က သက်ဆိုင်ရာနိုင်ငံတွေကို ပြန်ပို့လိုက်တဲ့အထဲ ချင်းလူမျိုး ၁၀ ဦးခန့်ပါဝင်တဲ့ မြန်မာနိုင်ငံသား ၃၆ ဦး အပါအဝင် နိုင်ငံခြားသား ၁၃၂ ဦး ပါဝင်တယ်လို့ လူဝင်မှု ကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံ၊ ရန်ကုန်ကို ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသား ၃၆ ဦး ထဲမှာ ချင်းလူမျိုးတချို့လည်း ပါဝင်ပြီး ပလက်ဝ နဲ့ တီးတိန်ဘက်က ချင်းအမျိုးသားတချို့နဲ့ ချင်းအမျိုးသမီးတချို့အပါအဝင် စုစုပေါင်း ၁၀ ဦးဝန်းကျင်ခန့် ပါဝင်နိုင်တယ်လို့လည်း ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေဆီကနေသိရပါတယ်။
ဇွန်လ ဒုတိယပတ်အတွင်း လူဝင်မှုထိန်းသိမ်းရေးစခန်းမှာ အကျဉ်းကျခံပြီးတဲ့ မြန်မာနိုင်ငံသား ၃၆ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား – ၅၄ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား – ၁၇ ဦး ၊ နီပေါနိုင်ငံသား ၁၃ ဦး ၊ ပါကစ္စတန်နိုင်ငံသား ၈ ဦး၊ အိန္ဒိယ နိုင်ငံသား ၃ ဦးနဲ့ တရုတ်နိုင်ငံသား ၁ ဦးတို့ကို ဇွန်လ ၁၅ ရက်နေ့က KLIA 1 ၊ KLIA 2 အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ သက်ဆိုင်ရာ မိခင်နိုင်ငံတွေကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ပြန်လည်ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။
ပြန်လည်ပို့ဆောင်ခံရသူတွေအားလုံးရဲ့ အချက်အလက်တွေကိုလည်း လူဝင်မှုကြီးကြပ်ရေးဌာန စနစ်အတွင်း Blacklist ( ဝင်ခွင့်ပိတ်ပင်စာရင်း) ထည့်သွင်းထားပြီးဖြစ်တာကြောင့် မလေးရှားနိုင်ငံအတွင်း သတ်မှတ်ကာလအတွင်း ပြန်လည်ဝင်ရောက်ခွင့် မရှိဘူးလို့လည်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနဘက်က သတိပေးထုတ်ပြန်ထားပါတယ်။

