
ဇွန်လ ၁၆ ရက်။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ ကျောင်းပညာနဲ့ ကင်းကွာနေတဲ့ ကလေးငယ်တွေအတွက် စီစဉ်ပေးတဲ့ အဆင့်သတ်မှတ် စာမေးပွဲ ဝင်ရောက်ဖြေဆိုကြသူ ကျောင်းသား၊ ကျောင်းသူ လူဦးရေဟာ ၃ ထောင်နီးပါးရှိတယ်လို့ ပညာရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
ကျောင်းပညာရေးနဲ့ သုံးနှစ်ကျော် ကင်းကွာနေတဲ့ ကလေးတွေ ကျောင်းပြောင်းလက်မှတ် ယူလို့မရတော့တဲ့ သူတွေအတွက် ကျောင်းပြန်ဝင်လို့ရအောင် အခုလို အဆင့်သတ်မှတ် စာမေးပွဲ စီစဉ်ပေးတာဖြစ်ပြီး ဖလမ်းမြို့နယ်မှာ ကျောင်းမဝင်နိုင်တဲ့ ကလေးတွေ များနေတာကြောင့် အခုလို အထူးအစီအစဉ်အနေဖြင့် ဆောင်ရွက်ပေးတာဖြစ်တယ်လို့လည်း ပညာရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
ပညာရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက “စာရင်းအရတော့ ဖလမ်းမြို့နယ်မှာ ၃ ထောင်ကျော်တယ် စာစစ်ဌာန အားလုံးအတွက်ပေါ့ ဒါပေမယ့် ပျက်ကွက်သူ တချို့လည်းရှိတော့ ၃ ထောင်နီးပါး ဖြေဆိုကြတယ်။ ဒါက ဟိုးအရင်ကတည်းက မူဝါဒရှိပြီးသားရှိတယ် ကျောင်းနဲ့ သုံးနှစ်ကျော်ကင်းကွာရင် ကျောင်းပြောင်းလက်မှတ် ယူလို့မရတော့ဘူး ပြီးတော့ ကျောင်းပြန်ဝင်လို့မရဘူး အခုခတ်ကလည်း အတူအတူဘဲ ကျောင်းမဝင်နိုင်တဲ့ ကလေးတွေများနေတော့ သူတို့တွေအတွက် အထူးအစီအစဉ် အနေနဲ့ ကျင်းပကြတာဖြစ်တယ်” လို့ပြောပါတယ်။
အဆင့်သတ်မှတ် စာမေးပွဲ ( Placement Examination) ကို ဖလမ်းမြို့ပေါ် အ.ထ.က (၂) အပါအဝင် မြို့နယ် စာစစ်ဌာန (၈) ခုဖြစ်တဲ့ လုမ်ဘန်း၊ ဗားလုံ၊ ဆွောင်းဒို၊ ခေါပွါလ်၊ ဇောင်းသဲ ၊ လုမ်သဲ နဲ့ ဝေဘူလတို့မှာ ဇွန်လ ၁၅ ရက်နေ့ကစလို့ ဖြေဆိုခဲ့ကြတာဖြစ်ပါတယ်။
မူအောက်ဆင့် တွေဖြစ်တဲ့ G1 , G2 , G3 ကတော့ ဒီကနေ့မှာ ဖြေပြီးကြပြီဖြစ်ပြီး မူထက်ဆင့် G4, G5 ကတော့ သောကြာနေ့မှာ ပြီးမှာဖြစ်ပြီါ် G6, G7 , G8 တွေကတော့ စနေနေ့မှာ ဖြေဆိုလို့ ပြီးမှာဖြစ်တယ်လို့လည်း ပညာရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

