Headlines

ချင်းပြည်နယ်မှာ ၂၀၂၆ – ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံတဲ့ ကျောင်းသား/သူ ၂၃၀၁၀ ဦးရှိ

ဇွန်လ ၂ ရက်။

ချင်းပြည်နယ်မှာ ၂၀၂၆ – ၂၀၂၇ ပညာသင်နှစ်အတွက် ဇွန်လ ၂ ရက်အထိ ကျောင်းအပ်နှံ ပညာသင်ကြားလျက်ရှိတဲ့ ကျောင်းသူ၊ ကျောင်းသား လူဦးရေ စုစုပေါင်းဟာ ၂၃,၀၁၀ ဦး ရှိတယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

၂၀၂၆ – ၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေကို ဇွန်လ ၁ ရက်နေ့ကစလို့ နိုင်ငံတစ်ဝှမ်းစတင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ချင်းပြည်နယ်မှာ ဟားခါး၊ ဖလမ်း၊ တီးတိန်နဲ့တွန်းဇံမြို့နယ်အတွင်းက အခြေခံပညာ ကျောင်းတွေကိုလည်း စတင်ဖွင့်လှစ်ပြီး ကျောင်းသင်ခန်းစာတွေကို စတင်သင်ကြားပေးနေပြီလို့ သိရပါတယ်။

တီးတိမြို့နယ်အတွင်း ဒီကနေ့ အထိ KG ကနေ Grade – 12 အထိ ကျောင်းသား၊ ကျောင်းသူ (၁၀၄၅၇) ဦးနဲ့ တွန်းဇံမြို့နယ်တွင် (၁၇၀၆) ဦး ၊ တီးတိန်ခရိုင်အတွင်း ကျောင်းအပ်နှံပြီး ပညာသင်ကြားသူဦးရေဟာ စုစုပေါင်း ၁၂,၁၆၃ ဦးရှိတယ်လို့ တီးတိန်ခရိုင် ပညာရေးမှူးရုံးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

တီးတိန်မြို့ ဒေသခံတစ်ဦးက “ အရင်နှစ်တွေနဲ့ နှိုင်းယှဉ်ရင် ဒီနှစ်က ကျောင်းတက်တဲ့ လူဦးရေ ပိုမိုများပြားလာတယ် ကျောင်းသားမိဘတွေအနေနဲ့လည်း သူတို့ကလေးရဲ့ အနာဂတ်အတွက် စာသင်ကျောင်းတွေကို မပို့မဖြစ် ပို့လာနေရတဲ့သဘောဖြစ်တယ်” လို့ ပြောပါတယ်။

မနှစ်က တီးတိန်မြို့နယ်အတွင်း အခြေခံပညာကျောင်းတက်သူဦးရေ စုစုပေါင်းဟာ ၁၀,၃၄၅ ဦးဝန်းကျင်သာ ရှိခဲ့တာဖြစ်ပြီး တစ်နှစ်ပြီးတစ်နှစ် ကျောင်းတက်တဲ့ လူဦးရေ ပိုပိုတိုးလာတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ကမှ စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်တဲ့ ဖလမ်းမြို့ပေါ်မှာလည်း အခြေခံပညာကျောင်းတွေကို စတင်ဖွင့်လှစ်ပြီး ပညာသင်ကြားတွေကို စတင်နေပြီလို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

ဟားခါးမြို့မှာ လည်း ၂၀၂၆ – ၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေ ၊ ကိုယ်ပိုင်ကျောင်းတွေ စတင်ဖွင့်လှစ်နေပြီဖြစ်ပေမယ့် ကျောင်းသူ/ ကျောင်းသား ဦးရေစာရင်း အတိအကျတော့ မသိရသေးဘဲ ၂၀၂၅ – ၂၀၂၆ ခုနှစ် က ဖလမ်း၊ ထန်တလန် နှင့် မတူပီဘက်က စစ်ဘေးရှောင် ကျောင်းသားအများအပြား ရွှေ့ပြောင်းလာတာကြောင့် ကျောင်းအပ်နှံသူဦးရေဟာ မနှစ်က ( ၄,၃၀၀ ကျော်) ထက် ပိုမိုများပြားလာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ်မှာ ဒီကနေ့ ဇွန်လ ၂ ရက်အထိ ၂၀၂၆ – ၂၀၂၇ ပညာသင်နှစ်မှာ ကျောင်းသူ ၊ ကျောင်းသား ဦးရေ စုစုပေါင်း ၂၃,၀၁၀ ဦး အထိ ကျောင်းအပ်နှံခဲ့တာလို့သိရပြီး တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် ကျောင်းအပ်နှံတဲ့ ကျောင်းသား/သူဦးရေဟာ ၅ ဒသမ ၈ သန်းနီးပါးရှိပြီး မနှစ်ကထက် ကျောင်းအပ်နှံတဲ့ ကျောင်းသူ ကျောင်းသား ဦးရေဟာ ၃၂၇၄၀၉ ဦး ပိုများလာတယ်လို့လည်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *