Headlines

ရိဒ်ခေါဒါရ်မြို့ကို စစ်ကြောင်းထိုးလာမယ့်သတင်းတွေကြောင့် ဒေသခံ လူဦးရေ ၈၀၀ ကျော် အိန္ဒိယ ဘက်ခြမ်းကို ထပ်မံထွက်ပြေးတိမ်းရှောင်

မေလ ၁၄ ရက်။

အိန္ဒိယ – မြန်မာနယ်စပ် ချင်းပြည်နယ် ၊ ဖလမ်းခရိုင်၊ ရိဒ်ခေါဒါရ် မြို့ကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက်ဖို့ စစ်ကြောင်းထိုးလာမယ်ဆိုတဲ့ သတင်းတွေကြောင့် ဒီရက်ပိုင်းအတွင်းမှာ ဒေသခံလူဦးရေ ၈၀၀ ကျော်ဟာ အိန္ဒိယနိုင်ငံံ ၊ မီဇိုရမ်ပြည်နယ်ဘက်ကို ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်တာတွေ ဆက်ရှိနေတယ်လို့ မီဇိုရမ်ပြည်နယ်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ချင်းလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့Khawmawi ရိဒ်ခေါဒါရ် မြို့ကို ပြန်လည်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်လာမယ်ဆိုတဲ့ သတင်းတွေကြောင့် Khawmawi နဲ့ အနီးတစ်ဝိုက်ရှိ ဒေသခံ ပြည်သူတွေဟာ Zokhawthar လမ်းကြောင်းကနေတဆင့် မီဇိုရမ်ပြည်နယ်ဘက်ကို အစုလိုက်အပြုံလိုက် ထပ်မံ ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ဆိုပါတယ်။

မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေဟာ နယ်စပ်တစ်ဘက်ခြမ်းမှာရှိတဲ့ ၎င်းတို့ ဆွေမျိုးသားချင်းတွေထံ ခိုလှုံကြသလို ၎င်းတို့အတွက် လိုအပ်တဲ့ အစားအသောက်နဲ့ အမိုးအကာ ကူညီစောင့်ရှောက်မှုတွေကို ဒေသတွင်း အဖွဲ့အစည်းတွေက ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ စစ်ရေးအရ အချက်အခြာချတဲ့ ချင်းပြည်နယ် ၊ ဖလမ်းမြို့ကို ဧပြီလ ၂၅ ရက်နေ့ သိမ်းပိုက်လိုက်ပြီးနောက် အိန္ဒိယ – မြန်မာ နယ်စပ် လမ်း၊ ဖလမ်း – ဟားခါး လမ်းပိုင်းနဲ့ တွန်းဇံ ၊ ကျီခါးတို့ကို ပြန်လည် သိမ်းပိုက်ဖို့ စစ်ကြောင်းထိုးလာနေတယ်လို့လည်း သိရပါတယ်။

အိန္ဒိယ – မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အချက်အချာကျပြီး အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် နဲ့ နယ်စပ်ချင်းဆက်နွယ်နေတဲ့ ချင်းပြည်နယ် ရိဒ်ခေါဒါရ်မြို့ကို ချင်းလက်နက်ကိုင် ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ ၁၄ရက်နေ့ မှာ သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *