
မေလ ၁၄ ရက်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရဲ့ အဆင့်မြင့်ဆုံး အမျိုးသမီးအဖွဲ့အစည်းဖြစ်တဲ့ Mizo Hmeichhe Insuihkhawm Pawl (MHIP) ဟာ ပြည်နယ်ပြင်ပမှာ အလုပ်အကိုင်ရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မီဇိုအမျိုးသမီးတွေကို လူကုန်ကူးပြီး လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်နေမှုတွေကို အင်္ဂါနေ့မှာ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး ကိုလာဆစ် (Kolasib) ခရိုင်မှာ နေထိုင်တဲ့ Lalnunsiami (အသက် ၃၀) နဲ့ သူမရဲ့ ခင်ပွန်းအဖြစ် ဟန်ဆောင်ကာ စပါး (Spa) ဆိုင်ဖွင့်ထားသူ Uttar Pradesh ပြည်နယ်သား Mohammad (အသက် ၃၁) တို့ကို မီဇိုရမ်ရဲတပ်ဖွဲ့က Uttarakhand ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး မေလ ၅ ရက်နေ့မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
MHIP ရဲ့ ထုတ်ပြန်ချက်အရ မီဇိုအမျိုးသမီးတွေအပေါ် အခုလို စက်ဆုပ်ရွံရှာဖွယ် ကျူးလွန်မှုဟာ လုံးဝ လက်ခံနိုင်စရာမရှိဘဲ ပါဝင်ပတ်သက်သူတွေကို ဥပဒေအရ အပြင်းထန်ဆုံး ပြစ်ဒဏ်ပေးနိုင်ဖို့ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်နယ်ပြင်ပမှာ အလုပ်သွားလုပ်မယ့် အမျိုးသမီးငယ်တွေကို သတိထားကြဖို့နဲ့ မိဘတွေအနေနဲ့လည်း မိမိတို့ သားသမီးတွေရဲ့ လုပ်ငန်းခွင်နဲ့ သွားလာလှုပ်ရှားမှုတွေကို အမြဲမပြတ် စုံစမ်းနေကြဖို့ သတိပေးထားပါတယ်။
ဒီလူကုန်ကူးမှုကွန်ရက်ဟာ Uttarakhand ပြည်နယ်၊ Rudrapur မြို့မှာ စပါးလုပ်ငန်း အကြောင်းပြချက်နဲ့ လိင်ကုန်ကူးမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ လူကုန်ကူးခံရသူတွေထဲက အမျိုးသမီးတစ်ဦးဟာ ထွက်ပြေးလွတ်မြောက်လာပြီး မေလ ၁ ရက်နေ့မှာ အိုက်ဇောလ် (Aizawl) အမျိုးသမီးရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ရာကနေ ဒီအမှု ပေါ်ပေါက်လာတာပါ။
တိုင်ချက်ဖွင့်သူ အမျိုးသမီးရဲ့ အဆိုအရ သူမနဲ့ သူမရဲ့ သူငယ်ချင်းဖြစ်သူဟာ တစ်လကို လစာ ရူပီး ၂၀,၀၀၀ ရမယ်ဆိုတဲ့ မက်လုံးနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက Rudrapur ရှိ “Beauty Queen Salon and Spa” မှာ သွားရောက် လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဟိုရောက်တဲ့အခါမှာတော့ သူတို့ကို ပြည့်တန်ဆာလုပ်ဖို့ အဓမ္မစေခိုင်းခဲ့ပြီး လစာရဖို့အတွက် ဖောက်သည်တွေကို “အထူးဝန်ဆောင်မှု” ပေးရမယ်ဆိုပြီး ဖိအားပေးခံခဲ့ရတယ်လို့ ဆိုပါတယ်။
အမျိုးသမီးငယ်တွေကို တစ်နေ့မှာ ဖောက်သည် ၃ ဦးကနေ ၉ ဦးအထိ ဧည့်ခံခိုင်းသလို ဖောက်သည်တွေနဲ့ မတွေ့ခင်မှာလည်း အရက်နဲ့ မူးယစ်ဆေးဝါးတွေကို အတင်းအဓမ္မ သောက်သုံးခိုင်းလေ့ ရှိတယ်လို့ သိရပါတယ်။ သူတို့တွေ ထွက်ပြေးဖို့ ကြိုးစားတိုင်းမှာလည်း ဆိုင်ကို အမြဲတမ်း သော့ခတ် ပိတ်လှောင်ထားလေ့ ရှိပါတယ်။
ဧပြီလ ၄ ရက်နေ့မှာတော့ အမျိုးသမီးငယ်တွေဟာ ဆိုင်တံခါးကို ကိရိယာတွေနဲ့ ဖျက်ဆီးပြီး ထွက်ပြေးလွတ်မြောက်လာခဲ့ကာ အိုက်ဇောလ်ကို ပြန်ရောက်ပြီးနောက် ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့တာပါ။ လက်ရှိမှာတော့ မီဇိုရမ်ရဲတပ်ဖွဲ့နဲ့ အမျိုးသမီးနှင့် ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးဌာနတို့ ပူးပေါင်းပြီး မီဇိုအမျိုးသမီး ၅ ဦးကို ကယ်တင်နိုင်ခဲ့ကာ ဖမ်းဆီးရမိသူ ၆ ဦး ရှိပြီဖြစ်ကြောင်း မီဇိုရမ်ရဲချုပ် H. Ramthlengliana က ပြောကြားခဲ့ပါတယ်။
ကယ်တင်ခံရတဲ့ အမျိုးသမီးတွေကိုတော့ လက်ရှိမှာ Rudrapur ရှိ ကလေးသူငယ် စောင့်ရှောက်ရေးကော်မတီရဲ့ လက်အောက်မှာ ထားရှိပြီး ဆေးကုသမှုနဲ့ စိတ်ဒဏ်ရာ ကုစားမှုတွေကို လုပ်ဆောင်ပေးနေပါတယ်။

