
မေလ ၄ ရက်။
စစ်ကော်မရှင်က အရပ်သားအစိုးရအသွင်ဖန်တီးနေသော်လည်း လက်တွေ့မှာတော့ လွတ်လပ်တဲ့ မီဒီယာတွေနဲ့ သတင်းထောက်တွေဟာ အမြဲတမ်း ခြိမ်းခြောက်မှုတွေအောက်မှာ ရှိနေဆဲဖြစ်တယ်လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ထုတ်ပြန်လိုက်ပါတယ်။
မေလ (၃) ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ IPCM က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး၊ အဲဒီထဲမှာ ပြီးခဲ့တဲ့ ဧပြီလ (၂၄) ရက်နေ့ကမှ လိုင်စင်ရုပ်သိမ်းခံခဲ့ရတဲ့ ချင်းဝေါလ် (Chin World)၊ ခိုနူမ်းသုန် (Khonumthung News) နဲ့ Now a days သတင်းဌာနတွေရဲ့ အခြေအနေကို မီးမောင်းထိုးပြထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ရွှေဖီမြေသတင်းဌာနရဲ့ လိုင်စင်ကို ပယ်ဖျက်ခဲ့ပြီးနောက်မှာ ထပ်မံလုပ်ဆောင်လာတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၆ ခုနှစ် မေလအထိ သတင်းထောက် ၂၀၀ ကျော်ဟာ မတရား ဖမ်းဆီးခံခဲ့ရကာ အများအပြားဟာ ထောင်ထဲမှာ ရှိနေဆဲဖြစ်တယ်လို့ IPCM က ဆိုပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ အဆင့် (၁၆၆) အထိ ကျဆင်းနေပြီး၊ ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ကိုစိုင်းဇော်သိုက်ဟာလည်း လိုအပ်တဲ့ ဆေးကုသခွင့်တွေ ငြင်းပယ်ခံထားရတယ်လို့ သိရပါတယ်။
IPCM အနေနဲ့ မီဒီယာလိုင်စင်တွေ ပယ်ဖျက်တာနဲ့ ဖိနှိပ်မှုတွေကို ပြင်းထန်စွာ ရှုတ်ချထားပါတယ်။ ဒါ့အပြင် မတရားဖမ်းဆီးခံထားရတဲ့ သတင်းထောက်အားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့နဲ့ မီဒီယာအဖွဲ့အစည်းတွေအပေါ် ပစ်မှတ်ထား ညှဉ်းပန်းနေတာတွေကို ရပ်တန့်ဖို့လည်း တောင်းဆိုထားပါတယ်။
ထုတ်ပြန်ချက်မှာ IPCM အနေနဲ့ ဘယ်လိုပဲ ဖိနှိပ်မှုတွေ ရှိနေပါစေ၊ လွတ်လပ်တဲ့ မီဒီယာတွေအနေနဲ့ ပြည်သူလူထုဘက်ကနေ ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်သွားမယ်လို့ အတည်ပြု ပြောကြားထားပါတယ်။

