
မေလ ၂ ရက်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လုံလေ (Lunglei) ခရိုင်ထောင်က အကျဉ်းသား ၁၆ ဦးကို လွန်ခဲ့တဲ့ ၄ လအတွင်း တရားရုံးအမိန့်စာအတုတွေ သုံးပြီး တရားမဝင် လွှတ်ပေးခဲ့တာနဲ့ ပတ်သက်လို့ အဲဒီအကျဉ်းသားတွေထဲက ၁၃ ဦးကို ပြန်ဖမ်းမိထားတယ်လို့ ရဲတပ်ဖွဲ့ကပြောကြားကြောင်း Northeast Today မီဒီယာမှာဖော်ပြပါတယ်။
လုံလေခရိုင်နဲ့ Sessions တရားရုံးက တာဝန်ရှိသူတွေဟာ အချို့အကျဉ်းသားတွေကို လွှတ်ပေးဖို့ ခွင့်ပြုထားတဲ့ မှတ်တမ်းတွေ မရှိတာကို တွေ့ရှိခဲ့ရာကနေ အဲဒီစာရွက်စာတမ်းတွေဟာ အတုတွေဖြစ်နိုင်တယ်လို့ သံသယဖြစ်ခဲ့တာပါ။
လုံလေခရိုင်ထောင် ဒုတိယကြီးကြပ်ရေးမှူး Lalruatsanga ရဲ့ ပြောပြချက်အရ အခုလို တရားမဝင် လွှတ်ပေးမှုတွေဟာ ဇန်နဝါရီလကတည်းက စတင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်အထိ ဘယ်သူမှ သတိမထားမိခဲ့ဘူးလို့ ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တရားသူကြီးကိုယ်တိုင် ဧပြီလ ၂၅ ရက်နေ့မှာ ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပြီးနောက် အကြီးအကျယ် လိုက်လံရှာဖွေခဲ့တာပါ။ “ပြစ်ဒဏ်ကျခံနေရသူ ၁၃ ဦးကို ပြန်ဖမ်းနိုင်ခဲ့ပါပြီ။ ကျန် ၂ ဦးကတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး တစ်ဦးကတော့ ထောင်ကလွတ်သွားပြီးနောက်မှာ သေဆုံးသွားခဲ့တယ်” လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
စုံစမ်းစစ်ဆေးသူတွေရဲ့ ပြောကြားချက်အရ အမိန့်စာအတုတွေဟာ စာရွက်စာတမ်း အစစ်တွေရဲ့ ပုံစံနဲ့ တံဆိပ်တုံးတွေအတိုင်း တထပ်တည်းကျအောင် လုပ်ထားတာလို့ သိရပါတယ်။ ဒီကိစ္စကို အသက် ၂၂ နှစ်အရွယ် အကျဉ်းသား Jeremiah Lalthangtura က ထောင်ထဲကနေ အပြင်လူတွေရဲ့ အကူအညီနဲ့ ကြိုးကိုင်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ချက်လက်မှတ်အတုပြုလုပ်မှု၊ လိမ်လည်မှုနဲ့ အွန်လိုင်းလိမ်လည်မှု (Scams) အပါအဝင် အမှုပေါင်းများစွာနဲ့ တရားရင်ဆိုင်နေရတဲ့ Lalthangtura ကို လက်ရှိမှာ စစ်ဆေးမေးမြန်းနေပါတယ်။
အာဏာပိုင်တွေဟာ အမိန့်စာအတုပြုလုပ်ရာမှာ ပါဝင်ခဲ့တဲ့ အပြင်လူတွေကို လိုက်လံစုံစမ်းနေပြီး၊ ဒီဖြစ်စဉ်ဟာ အကျဉ်းထောင်နဲ့ တရားစီရင်ရေး စိစစ်မှုစနစ်တွေမှာ အားနည်းချက်ရှိနေတာကို ပြသနေတယ်လို့လည်း သုံးသပ်နေကြပါတယ်။ အခုအမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။

