
ဧပြီလ ၂၉ ရက်။
တီးတိန်မြို့နယ် အတွင်း အခြေစိုက် စစ်ရေး လှုပ်ရှားနေသော ချင်းလက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့ တခု ဖြစ်တဲ့ PDF-Zoland အပါအဝင် ဒေသ တော်လှန်ရေး အင်အားစုတွေက တီးတိန်မြို့သိမ်း စစ်ဆင်ရေး ပြုလုပ်လာမှာကို စိုးရိမ်တဲ့ အတွက် လူ ၁ သောင်းခွဲ ခန့်နေထိုင်တဲ့ တီးတိန် မြို့လူဦးရေ ရဲ့ ထက်ဝက် ခန့် ဟာ နေရပ် စွန့်ခွာပြီး လုံခြုံရာကို တိမ်းရှောင် ရွေ့ပြောင်း နေကြတယ်လို့ တီးတိန်မြို့မှ တိမ်းရှောင်လာသူ တဦး ထံမှ သိရှိရ ပါတယ်။
“စစ်ပွဲ ဖြစ်မှာကို စိုးရိမ်လို့ ကြိုတင် တိမ်းရှောင် ကြတာပါ။ တီးတိန်မြို့ လူဦးရေ ရဲ့ ၅o % လောက်ကတော့ မြို့ကို စွန့်ခွာနေပြီ လို့ ပြောလို့ ရပါတယ်။ ကလေးမြို့ အပါအဝင် အဆင်ပြေရာ ဒေသ အသီးသီးကို ခိုလှုံ နေရ ပါတယ်” လို့ တီးတိန်မြို့ ခံ တဦးက Chin World Media ကို ပြောကြား ခဲ့ပါတယ်။
PDF-Zoland အပါအဝင် တော်လှန်ရေး အင်အားစုတွေကတော့ လူထုဆီမှာ ထိုးစစ်ဆင် မယ့် အချိန်ကို ကြိုတင် အကြောင်းကြားမယ်လို့ ပြောထားကြောင်း၊ လက်ရှိ အချိန်ထိတော့ တိုက်ပွဲနဲ့ ပတ်သက်ပြီး လူထုကို အကြောင်းကြားတာမျိုး မရှိသေးကြောင်း၊ လတ်တလောမှာတော့ တီးတိန်မြို့နယ်မှာ စစ်ရေးတည်ငြိမ်နေကြောင်း တီးတိန်မြို့နေ ပြည်သူများ ထံမှ ဆက်လက် သိရှိရ ပါတယ်။
“အခက်အခဲတွေကတော့ များကြီး ရှိတယ်။ ကလေးမြို့က စစ်ရှောင်တွေနဲ့ ပြည့်နေပြီးသား ဆိုတော့ အိမ်ငှားဖို့က အခက်ဆုံးပဲ။ ပြီးတော့ တီးတိန်မြို့ကနေ ထွက်ခွာဖို့ ကားရှာရတာ၊ ဆီ ရှာရတာလည်း အတော် ခက်တယ်။ ကားခ လည်း ဈေးအတော်ကြီးလာတယ်။ အခု ရက်ပိုင်း မိုးကျလာတော့ ခရီးက ပိုခက်ခဲ လာမယ့် သဘော ရှိတယ်” လို့ တီးတိန်မြို့ ကနေ ကလေးမြို့ကို တိမ်းရှောင်လာသူ တဦးက ပြောကြားခဲ့ ပါတယ်။
တီးတိန်မြို့နဲ့ နီးတဲ့ တချို့ ရွာတွေလည်း သက်ကြီးရွယ်အို နဲ့ ကလေးငယ်များကို တခြား ဒေသသို့ ပို့ဆောင် တိမ်းရှောင် စေကြကြောင်း၊ အိမ်စောင့် အဖြစ် လူငယ်လူရွယ် အချို့ ကျန်နေခဲ့ရကြောင်း၊ တီးတိန်မြို့ ကမ်းဟောက် လမ်းမကြီး ပေါ်မှာ လူ အသွားအလာ ပြတ်နေခဲ့ကြောင်း တီးတိန်မြို့ အနီးရှိ ရွာတရွာမှ ပြည်သူ တဦးက ပြောကြား ခဲ့ပါတယ်။
၂၀၂၄ ခုနှစ် မေလ ၂၆ ရက်နေ့မှာ စတင် ဖြစ်ပွားခဲ့တဲ့ တီးတိန်မြို့တွင်း တိုက်ပွဲ ကြောင့် တီးတိန်မြို့နေ လူ ၁ သောင်းခွဲ ခန့် စစ်ရှောင် ထွက်ပြေးခဲ့ရ ပြီး တိုက်ပွဲ ကာလ အတွင်း နေအိမ် ၇၀ ကျော်ကို စစ်ကောင်စီ စစ်သားများ မှ မီးရှို့ ဖျက်ဆီး ခဲ့ပါတယ်။

