Headlines

ပလက်ဝမြို့နယ်၊ကြောင်ချောင်းရွာ ဗုံးကြဲခံရမှု ကလေးအပါ အရပ်သား ၇ ဦးသေဆုံးကြောင်း AA ထုတ်ပြန်

မတ်လ ၃၀ ရက်။

ချင်းပြည်နယ်၊ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို မတ်လ ၂၉ ရက်က စစ်ကော်မရှင်လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့အတွက် ကလေးအပါ အရပ်သား ၇ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရသွားကြောင်း ပလက်ဝမြို့နယ်ကိုထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်(AA)က ဒီနေ့ မတ်လ ၃၀ ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။

အဆိုပါကျေးရွာအနီး မည်သည့်တိုက်ပွဲမှလည်းမရှိဘဲ အဆိုပါကျေးရွာကို စစ်ကော်မရှင်လေတပ်က ယမန်နေ့ မတ်လ (၂၉) ရက်နေ့၊ ညနေ (၄) နာရီ (၀၅) မိနစ်တွင် ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု သုံးကြိမ်၊ ရော့ကတ်ဖြင့်တိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း AA က ထုတ်ပြန်ပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကြောင်ချောင်းကျေးရွာမှ အသက် (၁၆) နှစ်အောက် ကလေး (၄) ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ စုစုပေါင်း (၇) ဦးသေဆုံးခဲ့ရပြီး နောက်ထပ် ကလေးငယ် ၂ ဦးအပါအဝင် (၄) ဦးလည်း ဒဏ်ရာရရှိခဲ့ကာ လူနေအိမ်များလည်း မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ သေဆုံးခဲ့ရသော သူများ၏ မိသားစု၊ ဆွေမျိုးများနှင့် ထပ်တူဝမ်းနည်းရပါကြောင်း ဖော်ပြအပ်ပါသည်”လို့ ULA/AAကထုတ်ပြန်ပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် စစ်ကော်မရှင်၏ အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြသော ကြောင်ချောင်းရွာသူ၊ ရွာသားများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်လုပ်ဆောင်လျက်ရှိတယ်လို့ ULA/AA က ထုတ်ပြန်ပါတယ်။

(Photo – AA Infor Desk)

Leave a Reply

Your email address will not be published. Required fields are marked *