

မတ်လ ၂၀ ရက်။
မတ်လ ၂၀ ရက်နေ့မှာ ချင်းပြည်နယ် ဟားခါးမြို့ ရှိ ပြည်နယ်လွှတ်တော် အဆောက်အဦး မှာ တတိယ အကြိမ် ချင်းပြည်နယ် လွှတ်တော် အစည်းအဝေး စတင်ကျင်းပခဲ့ပြီး ချင်းဒေသတော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းများဖြင့် ဗုံးကြဲ တိုက်ခိုက်သည့်ကြားမှ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ၏ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဖြစ်တဲ့ Pu Kawl Lian Thang ကို ပြည်နယ်လွှတ်တော် ဥက္ကဌ အဖြစ် ရွေးချယ် တင်မြှောက် နိုင် ခဲ့ကြောင်း ဟားခါးမြို့နေ ဝန်ထမ်း အသိုင်းအဝိုင်းမှ သိရပါတယ်။
Pu Kawl Lian Thang ဟာ ပလက်ဝမြို့နယ် ပြည်နယ်မဲဆန္ဒနယ် အမှတ် (၂) မှ အချိုးကျ ကိုယ်စားပြု ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ရွေးကောက်ခံရသူ ဖြစ်ပြီး လက်ရှိ စစ်ကောင်စီရဲ့ ချင်းပြည်နယ် အစိုးရ အဖွဲ့မှာ သယံဇာတရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိတဲ့ ခရိုင်ပညာရေးမှူး အငြိမ်းစား တဦး ဖြစ်တယ် လို့လည်း ဝန်ထမ်း အသိုင်းအဝိုင်းမှာ သိရှိရ ပါတယ်။
ပြည်နယ်လွှတ်တော် ဒုဥက္ကဌ အဖြစ် USDP ပါတီ ကနေ မတူပီမြို့နယ် ပြည်နယ်မဲဆန္ဒနယ် အမှတ် (၂) မှ အချိုးကျ ကိုယ်စားပြု ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခံရတဲ့ ဦးသန့်စင်ဦးကို ရွေးချယ် တင်မြှောက်ခဲ့တယ် လို့လည်း ဆက်လက် သိရှိခဲ့ရ ပါတယ်။
ပြည်နယ်လွှတ်တော် အစည်းအဝေး ပြုလုပ်နေစဉ် မနက် ၁၀ နာရီ ခန့် က စပြီး ချင်းဒေသ တော်လှန်ရေး တပ်ဖွဲ့တွေက လွှတ်တော် အဆောက်အဦး နှင့် ပတ်ဝန်းကျင်ကို ဒရုန်းများ ဖြင့် တိုက်ခိုက်ခဲ့တယ် လို့လည်း ဟားခါးမြို့နေ ဝန်ထမ်းများ မှ ဆက်လက် သိရှိရ ပါတယ်။
“မနက် ၁၀ နာရီ လောက်ကနေ စပြီး ဒရုန်းနဲ့ ပြည်နယ် လွှတ်တော် အဆောက်အဦး ကို တိုက်ခိုက် လာကြတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အခါခါ ပစ်ချရတယ်။ ညနေ ၄ နာရီ အထိ လွှတ်တော် အဆောက်အဦး ဝန်းကျင်ကနေ သေနတ်သံတွေ ကြားနေရတယ်။ လုံခြုံရေး တပ်ဖွဲ့တွေ ပစ်ခတ်တာကြောင့် လမ်းမကြီး ပေါ်မှာလည်း ဒရုန်းတစင်း ပျက်ကျ ပေါက်ကွဲ ခဲ့တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရော၊ တခြားလူတွေပါ ထိခိုက်တာမျိုး တော့ မရှိဘူး” လို့ အဆိုပါ ဝန်ထမ်းမှ ပြောကြား ခဲ့ ပါတယ်။
ချင်း ပြည်နယ် လွှတ်တော် ဥက္ကဌ အဆက်ဆက် နဲ့ ပတ်သက်ပြီး အဆိုပါ ဝန်ထမ်း ကတော့ “ပထမ အကြိမ် လွှတ်တော် ကနေ တတိယကြိမ် လွှတ်တော် အထိ ချင်းပြည်နယ် လွှတ်တော် ဥက္ကဌတွေက ပညာရေး ဝန်ထမ်း အငြိမ်းစားတွေ ဖြစ်နေတာကတော့ ထူးခြားတယ်။ ပထမ အကြိမ် ပြည်နယ် လွှတ်တော် ဥက္ကဌ Pu Hau Khen Kham က မြို့နယ် ပညာရေးမှူး အငြိမ်းစား ဖြစ်တယ်။ ဒုတိယ အကြိမ် ပြည်နယ် လွှတ်တော် ဥက္ကဌ Pu Zo Bawi က အလယ်တန်းပြ ကျောင်းဆရာ အငြိမ်းစား ဖြစ်တယ်။ အခု တတိယ အကြိမ် ကျတော့လည်း ဥက္ကဌ က ခရိုင် ပညာရေးမှူး အငြိမ်းစား တဦး ဖြစ်ပြန် ခဲ့တယ်” လို့ Chin World Media ကို ပြောကြား ခဲ့ ပါတယ်။

