Headlines

မြန်မာ ထောင်ချီ အလုပ်လုပ်ကိုင်ရာ ဟီရှို ဆူရှီရုံးချုပ်သို့ ဒေါက်တာဆာဆာသွားရောက်လည်ပတ်

မတ်လ ၁၀ ရက်။

အမေရိကန်နိုင်ငံ၊ နော့ကယ်ရိုလိုင်းနားပြည်နယ်၊ ရှားလော့မြို့မှာရှိတဲ့ မြန်မာကွန်မြူနတီတွေ ပူးပေါင်းပြီး မတ်လ ၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီရေး ရန်ပုံငွေရှာဖွေပွဲနဲ့ တွေ့ဆုံပွဲကို ဒေါက်တာဆာဆာ တက်ရောက်ခဲ့ပြီး အဲဒီ တွေ့ဆုံပွဲအပြီးမှာချင်းတိုင်းရင်းသားတွေ အပါအဝင် မြန်မာပြည်သူထောင်နဲ့ချီ အလုပ်လုပ်ကိုင်နေကြတဲ့ နာမည်ကျော် ဟီရှိုဆူရှီ (Hissho Sushi) ကုမ္ပဏီကိုလည်း သွားရောက်လည်ပတ်ခဲ့ပါတယ်။

ချင်းကွန်မြူနတီတွေရဲ့ ချိတ်ဆက်ကူညီပေးမှုနဲ့အတူ ဟီရှို ဆူရှီလုပ်ငန်းက လုပ်ငန်းရှင်သူဌေးကြီးတွေနဲ့ပါ ဒေါက်တာဆာဆာ တိုက်ရိုက်တွေ့ဆုံနိုင်ခဲ့တာဖြစ်လို့ ဒါဟာ တိုင်းရင်းသားအင်အားစုတွေရဲ့ ကွန်ရက်ချိတ်ဆက်မှု အားကောင်းပုံကို ပြသနေတာလည်း ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

မြန်မာ့ဒီမိုကရေစီရေးအတွက် ရန်ပုံငွေရှာဖွေပွဲနဲ့ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ရာမှ အထိမ်းအမှတ်ပစ္စည်းတွေနဲ့ အစားအသောက်တွေ ရောင်းချလို့ရသမျှ ရန်ပုံငွေအားလုံးကိုလည်း ဒေါက်တာဆာဆာဆောင်ရွက်မယ့် မြန်မာ့အရေးလုပ်ငန်းစဉ်တွေမှာ သုံးဖို့အတွက် လှူဒါန်းခဲ့ကြပါတယ်။

အဲဒီပွဲမှာ ဒေါက်တာဆာဆာက ၎င်းဦးဆောင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ အင်စတီကျု (IPFD) ကနေတစ်ဆင့် တိုင်းရင်းသားလူမျိုးစုတွေအားလုံးရဲ့အသံကို ကမ္ဘာကသိအောင် ပင်လုံစိတ်ဓာတ်နဲ့ စုစည်းတင်ပြမယ့် အစီအစဉ်သစ်တွေကို ဆွေးနွေးခဲ့သလို မကြာခင်မှာလည်း ယူကေနိုင်ငံအပါအဝင် နိုင်ငံတကာခရီးစဉ်တွေ ထွက်ဖို့ရှိနေတယ်လို့ သိရပါတယ်။

ဒေါက်တာဆာဆာဟာ အန်ယူဂျီ (NUG) အဖွဲ့ကနေ နုတ်ထွက်ခဲ့ပြီးနောက်ပိုင်းမှာ သူကိုယ်တိုင် ဦးဆောင်ဖွဲ့စည်းထားတဲ့ IPBF Institute ကနေတစ်ဆင့် မြန်မာတစ်နိုင်ငံလုံးက တိုင်းရင်းသားလူမျိုးစုတွေအားလုံး တညီတညွတ်တည်း ဖြစ်စေမယ့် အစီအစဉ်တစ်ခုကို လုပ်ဆောင်နေတာ ဖြစ်တယ်လို့ဆိုပါတယ်။

ဒေါက်တာဆာဆာဟာ လက်ရှိမှာ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ အင်စတီကျု (IPFD) ရဲ့ တည်ထောင်သူနဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သူဟာ အရင်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးနဲ့ အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူခဲ့သလို၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံရဲ့ အထူးကိုယ်စားလှယ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *