

မတ်လ ၇ ရက်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ဆောင်းရာသီကာလလည်ပတ်ချင်စရာ အကောင်းဆုံးပြည်နယ် ဖြစ်အောင်ဆောင်ရွက်သွားမှာဖြစ်ပြီး အခြေခံအဆောက်အအုံ မြှင့်တင်မှုတွေ လုပ်ဆောင်နေစဉ် အတွင်း ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ကမ္ဘာလှည့်ခရီးသွား စုစုပေါင်း ၁၂.၆၈ သိန်း (၁,၂၆၈,၀၀၀) ကျော် လာရောက်ခဲ့တယ်လို့ ခရီးသွားလာရေးဝန်ကြီး Lalnghinglova Hmar က မတ်လ ၆ ရက်နေ့မှာ ကျင်းပတဲ့ မီဇိုရမ်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
Mizo National Front (MNF) ပါတီမှ လွှတ်တော်အမတ် Lalchhandama Ralte ရဲ့ မေးမြန်းမှုကို ဝန်ကြီး Hmar က ပြန်လည်ဖြေကြားရာမှာ ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံခြားခရီးသွား ၁၆,၈၉၈ ဦး အပါအဝင် စုစုပေါင်း ခရီးသွား ၁၂.၆၈ သိန်းကျော် ပြည်နယ်အတွင်းကို လာရောက်လည်ပတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဝန်ကြီးရဲ့ ပြောကြားချက်အရ မီဇိုရမ်ပြည်နယ်ဟာ ၂၀၂၄ ခုနှစ်မှာ ခရီးသွား ၄၂၇,၃၀၂ ဦး လက်ခံရရှိခဲ့ပြီး ၂၀၂၅ ခုနှစ်မှာတော့ ၈၄၁,၃၂၂ ဦးအထိ သိသိသာသာ မြင့်တက်လာခဲ့တာကြောင့် ခရီးသွားဝင်ရောက်မှု အရှိန်အဟုန်နဲ့ တိုးတက်လာတာကို တွေ့ရပါတယ်။
လာရောက်လည်ပတ်သူ အများစုဟာ ပြည်တွင်းခရီးသွားတွေဖြစ်ပြီး နှစ်နှစ်တာကာလအတွင်း စုစုပေါင်းဝင်ရောက်မှုရဲ့ ၉၈.၆၆ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာ ပြည်တွင်းခရီးသွား ၄.၂၁ သိန်းခန့် လာရောက်ခဲ့ရာကနေ ၂၀၂၅ ခုနှစ်မှာတော့ ၈.၂၉ သိန်းအထိ နှစ်ဆနီးပါး တိုးတက်လာခဲ့တယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် ၂၀၂၅ ခုနှစ်မှာ နိုင်ငံခြားခရီးသွား ဝင်ရောက်မှုဟာလည်း အရင်နှစ်နဲ့ နှိုင်းယှဉ်ရင် ၁၁၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာ နိုင်ငံခြားခရီးသွား စုစုပေါင်း ၅,၄၁၄ ဦး လာရောက်ခဲ့ပြီး ၂၀၂၅ ခုနှစ်မှာတော့ ၁၁,၄၈၄ ဦးအထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။
အခြေခံအဆောက်အအုံ တိုးတက်ကောင်းမွန်လာတာနဲ့ ပြည်နယ်ရဲ့ သဘာဝအခြေခံခရီးသွားလုပ်ငန်း (Eco-tourism) အလားအလာတွေကို မြှင့်တင်တဲ့ လုပ်ဆောင်ချက်တွေကြောင့် အခုလို ခရီးသွားဝင်ရောက်မှု မြင့်တက်လာတာဖြစ်တယ်လို့ တာဝန်ရှိသူတွေက သုံးသပ်ကြပါတယ်။
အရင်ကလည်း ပြည်နယ်အုပ်ချုပ်ရေးမှူး Vijay Kumar Singh က အခုကျင်းပနေတဲ့ ဘတ်ဂျက်အစည်းအဝေး အဖွင့်အမှာစကားမှာ မီဇိုရမ်ပြည်နယ်ဟာ သယ်ယူပို့ဆောင်ရေးနဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှုတွေကြောင့် အိန္ဒိယအရှေ့မြောက်ပိုင်းမှာ ခရီးသွားလုပ်ငန်း အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်လာတဲ့ ဒေသတစ်ခု ဖြစ်လာနေတယ်လို့ ပြောကြားခဲ့ဖူးပါတယ်။
ဝန်ကြီးချုပ် Narendra Modi က ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၁၃ ရက်နေ့မှာ ဖွင့်လှစ်ပေးခဲ့တဲ့ ၅၁.၃၈ ကီလိုမီတာ ရှည်လျားတဲ့ Bairabi – Sairang ရထားလမ်းဟာ မီဇိုရမ်ပြည်နယ်ကို အိန္ဒိယရဲ့ မီးရထားလမ်းကွန်ရက်ထဲ ထည့်သွင်းပေးနိုင်ခဲ့သလို ခရီးသွားဝင်ရောက်မှုကိုလည်း သိသိသာသာ အထောက်အကူပြုခဲ့တယ်လို့ သူက မှတ်ချက်ပြုခဲ့ပါတယ်။ အဆိုပါ ရထားလမ်းဟာ အိုက်ဇောလ်မြို့ကို အမျိုးသားမီးရထားကွန်ရက်နဲ့ ချိတ်ဆက်ပေးနိုင်ခဲ့ပြီး ခရီးသွားတွေ တောက်လျှောက် တိုးတက်ဝင်ရောက်လာဖို့အတွက် အထောက်အကူဖြစ်စေခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

