
ဇန်နဝါရီလ ၂၈ ရက်။
ဇန်နဝါရီလ ၂၅ ရက်နေ့က တီးတိန်မြို့နယ် New Suangpi ရွာမှာ စစ်ရှောင်ရာကနေ နေအိမ်ကို စောင့်ကြည့်ဖို့ ပြန်လာတဲ့ ရွာသားအသက် ၃၈ နှစ် အရွယ် Pa Khuang Tin Mang ဟာ ရွာအဝင်ဝ ကနေ မိုင်းနင်းမိခဲ့တာကြောင့် ခြေထောက် တဖက် ဖြတ်တောက်ခဲ့ရတယ် လို့ တီးတိန်ဒေသခံများ ထံမှ သိရှိရ ပါတယ်။
“စစ်ကောင်စီ စစ်သားတွေ စစ်ကြောင်းထိုး ချီတက်လာတာကြောင့် New Suangpi တရွာလုံး နီးစပ်ရာ ရွာတွေ၊ တောင်ယာတဲ တွေမှာ စစ်ရှောင် ထွက်ပြေးခဲ့ရတယ်။ ရွာထဲကနေ စစ်သားတွေ ထွက်ခွာသွားတဲ့ သတင်း ကြားတာနဲ့ အိမ်ကို သွားကြည့်ဖို့ ရွာထဲပြန်လာတော့ ရွာအဝင်ဝ ကနေ မိုင်း နင်းမိခဲ့တာ ဖြစ်တာ ဖြစ်တယ်။ လက်ရှိမှာတော့ လုံခြုံတဲ့ ဆေးခန်း တခုမှာ ဆေးကု နေပါတယ်။ ဘယ်ဘက် ခြေထောက်ကို တော့ ဒူနား ကနေ ဖြတ်တောက်ခဲ့ရတယ်။ အသက် အန္တရာယ် တော့ မရှိတော့ဘူး” လို့ ဒေသခံ ရွာသား ၁ ဦးက ပြောပြပါတယ်။
စစ်ကောင်စီ စစ်သားတွေဟာ သိုင်းငင်းရွာ ဘက်ကနေ ဖလမ်းဘက်ကို ဦးတည် ချီတက်လာတာကြောင့် New Suangpi ရွာသားတွေဟာ ဇန်နဝါရီလ ၂၀ ရက်နေ့ က စပြီး ရွာကို စွန့်ခွာ စစ်ရှောင် ထွက်ပြေးခဲ့ရ ကြောင်း၊ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ New Suangpi ကနေ စစ်ကောင်စီ စစ်သားများ ထွက်ခွာခဲ့တယ် လို့ ကြားသိရကြောင်း၊ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ရွာ နှင့် နေအိမ်ကို လိုက်ကြည့် ဖို့ ပြန်လာခဲ့သူ Pa Khuang Tin Mang ဟာ မိုင်းနင်းမိခဲ့ပြီးနောက်ပိုင်း ရွာသားများ အိမ် မပြန်ရဲ တော့ဘဲ လက်ရှိ ခိုလှုံတဲ့ နေရာ အသီးသီးမှာ ဆက်လက် ခိုလှုံနေရကြောင်း New Suangpi ရွာသား ဖြစ်သူ ထံမှ ဆက်လက် သိရပါတယ်။
New Suangpi ရွာဟာ တီးတိန်မြို့နယ် နှင့် ဖလမ်းမြို့နယ် နယ်စပ် ရှိ သိုင်းငင်း-ဖလမ်း လမ်းမကြီး ဘေးမှာ တည်ရှိတဲ့ ရွာ တရွာ ဖြစ်ပါတယ်။

