
ဇန်နဝါရီလ ၂၈ ရက်။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၉ ရွာက စစ်ဘေးရှောင်ပြည်သူတွေကို အရေးပေါ် အခြေခံစားသောက်ကုန်တွေ အပြင် ကယ်ဆယ်ရေးရံပုံငွေ မြန်ကျပ်ငွေသိန်း ၂ ရာ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) ရဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့ ထုတ်ပြန်တဲ့ ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလကနေ ဒီဇင်ဘာလ ၃လအတွင်း လုပ်ဆောင်ခဲ့တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစီရင်ခံစာဖော်ပြချက်အရ သိရပါတယ်။
စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအကြို ထိုးစစ်တွေကြောင့် အိန္ဒိယ – မြန်မာ နယ်စပ်ရှိ ICA (Centre )ကို ဖလမ်းမြို့နယ်ကနေ စစ်ဘေးရှောင် ထွက်ပြေးတိမ်းရှောင်လာတဲ့ ပြည်သူ အယောက် ၃၀ လည်း ခိုလှုံလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
ချင်းရေးရာအဖွဲ့ချုပ် (ICA) အနေဖြင့် ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလကနေ ဒီဇင်ဘာလအတွင်း ချင်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်တွေရဲ့ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ ဘဝမြှင့်တင်ရေးအတွက် ဆောင်ရွက်ခဲ့တဲ့ ရလဒ်တွေကို စိန်ခေါ်မှုတွေကို ဖော်ပြထားတာတွေ့ရပါတယ်။
ချင်းရေးရာအဖွဲ့ချုပ်အနေနဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်း၊ အလှူရှင်တွေရဲ့ အားဖြည့်မှုနဲ့အတူ မြန်မာပြည်တွင်း ပဋိပက္ခနှင့် တိုက်ပွဲတွေအပြင် သဘာဝဘေးကြောင့် ဒုက္ခခံစားနေကြရသူတွေကို အတက်နိုင်ဆုံး ကူညီထောက်ပံ့နေပေမယ့် မြန်မာ့ ပြည်တွင်း ပဋိပက္ခဟာ ကာလရှည်ကြာလာတဲ့နဲ့အမျှ ပြည်သူတွေအကူအညီ လိုအပ်ချက်မြင့်မားလာသလို ICA အနေဖြင့် လိုအပ်ချက်တွေရဲ့ ၅ ရာခိုင်နှုန်း ခန့်ပင်လျှင် ကူညီပေးနိုင်ဖို့ ရုန်းကန်နေရတယ်လို့ဖော်ပြထားပါတယ်။
ချင်းရေးရာအဖွဲ့ချုပ် ( ICA) အဖွဲ့ဟာ ချင်းလူမျိုးတွေအကြား ပညာရေးဆိုင်ရာဝန်ဆောင်မှုတွေ ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ ၊ သုတေသနဆိုင်ရာ လုပ်ငန်းစဉ်တွေကို အဓိကဆောင်ရွက်နေပြီး မြန်မာနိုင်ငံရှိ ချင်းလူမျိုးတွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လူနေမှုအဆင့်အတန်းတွေ မြှှုင့်တင်ပေးဖို့အတွက် သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းနေဖြင့် ၂၀၂၁ ခုနှစ်၊ မေလ မှာ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

