Headlines

မီဇိုရမ်ပြည်မှာ ၂၀၂၅ ခုနှစ်အတွင်း တီဘီရောဂါဖြင့် သေဆုံးသူ ၁၄၅ ယောက်ရှိကာ ၆ နှစ်အတွင်း သေဆုံးသူအများဆုံးဖြစ်

ဇန်နဝါရီလ ၁၃ ရက်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရရဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်အတွင်း မီဇိုရမ်မှာ တီဘီ(အဆုတ်ရောင်)ရောဂါနဲ့ သေဆုံးတဲ့သူ ၁၄၅ ယောက်အထိ ရှိခဲ့ကာ ဒါဟာ ၆ နှစ်တာကာလအတွင်းမှာ သေဆုံးသူအများဆုံး စံချိန်တင်သွားတာဖြစ်သလို၊ လူနာ ၂၆၇ ယောက်ကတော့ တီဘီရောဂါအပြင် HIV/AIDS ပါ နှစ်မျိုးစလုံး ခံစားနေရတယ်လို့ The Hindu သတင်းဌာနမှာ ဖော်ပြထားပါတယ်။

၂၀၂၅ ခုနှစ်အတွင်းမှာ တီဘီရောဂါသည် လူနာသစ် ၂,၂၇၅ ယောက် တွေ့ခဲ့ပြီး အဲဒီထဲက ၁,၉၀၀ ကိုတော့ အစိုးရဆေးရုံနဲ့ ကျန်းမာရေးဌာနတွေမှာ စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ကျန်တဲ့ ၃၇၅ ယောက်ကိုတော့ ပုဂ္ဂလိက ဆေးခန်းတွေမှာ တွေ့ခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က တွေ့ခဲ့တဲ့ လူနာ ၂,၂၉၁ ယောက်နဲ့ ယှဉ်ရင်တော့ လူနာဦးရေက အနည်းငယ် လျော့သွားပေမဲ့ သေဆုံးသူအရေအတွက်ကတော့ ပိုများလာတာ တွေ့ရပါတယ်။

လူနာသစ်တွေထဲမှာ ၁၄၆ ယောက်က ဆေးယဉ်ပါး တီဘီ (MDR-TB) ဖြစ်နေသလို၊ ၁၄၁ ယောက်ကတော့ အသက် ၁၄ နှစ်အောက် ကလေးငယ်တွေ ဖြစ်တယ်လို့ ပြည်နယ်ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပြီး လူနာစုစုပေါင်းရဲ့ ၈၄ ရာခိုင်နှုန်းကို အောင်မြင်အောင် ကုသပေးနိုင်ခဲ့ပါတယ်။

မီဇိုရမ်မှာ တီဘီရောဂါနဲ့ သေဆုံးတဲ့သူက ၂၀၂၀ ပြည့်နှစ်ကတည်းက တောက်လျှောက် တက်လာနေပြီး ၂၀၂၀ မှာ ၃၁ ယောက်၊ ၂၀၂၁ မှာ ၄၆ ယောက်၊ ၂၀၂၂ မှာ ၈၇ ယောက်၊ ၂၀၂၃ မှာ ၁၁၉ ယောက်နဲ့ ၂၀၂၄ မှာတော့ ၁၃၆ ယောက်အထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။

နယ်မြေအလိုက် တီဘီရောဂါ ဖြစ်ပွားမှုအနေဖြင့် Aizawl ခရိုင်မှာ လူနာ ၁,၅၆၉ ယောက်နဲ့ အများဆုံး ဖြစ်နေပြီး Lunglei ခရိုင်မှာ ၁၅၅ ယောက်၊ Kolasib ခရိုင်မှာ ၁၃၈ ယောက် အသီးသီး ရှိကာ Serchhip ခရိုင်ကတော့ ၅၂ ယောက်နဲ့ လူနာ အနည်းဆုံးဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ တီဘီရောဂါ အမြစ်ပြတ် တိုက်ဖျက်ရေး အစီအစဉ်မှာ လူထုက ပိုပြီး ပူးပေါင်းပါဝင်လာအောင် လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တစ်ခုအဖြစ် Nikshay လို့ခေါ်တဲ့ အွန်လိုင်းပလက်ဖောင်းကနေတစ်ဆင့် တီဘီလူနာတွေကို ကူညီစောင့်ရှောက်ဖို့ ဒါမှမဟုတ် အလှူငွေပေးဖို့အတွက် အခုလက်ရှိမှာ လူပေါင်း ၁၀၀ ကျော် စာရင်းပေးသွင်းထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *