
စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် စလို့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ အထိ ၄ နှစ်ကျော်အတွင်း ချင်းပြည်နယ်မှာ ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၃၈၃ ဦးရှိပြီး စစ်ကော်မရှင်တပ်ကြောင့် သေဆုံးရသူက ၁၈၃ ဦး သေဆုံးခဲ့ရပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ထုတ်ပြန်ချက်အရ သိရပါတယ်။
တနိုင်ငံလုံးအတိုင်းအတာနဲ့ ၄ နှစ်ကျော်အတွင်း ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသား ဦးရေ စုစုပေါင်းဟာ ၃၀၀၄၅ ဦးရေရှိပြီး အဲဒီထဲမှာ အမျိုးသမီး ၆၁၉၃ ဦးနဲ့ ကလေးငယ် ၆၂၉ ဦးတို့ ပါဝင်တယ်လို့လည်း AAPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အာဏာသိမ်း စစ်အုပ်စုနှင့် သူ့ရဲ့လက်ပါးစေတွေကြောင့် သေဆုံးရတဲ့ ပြည်သူဦးရေ စုစုပေါင်းဟာလည်း ၇၅၀၀ဦးရေ ရှိပြီး အဲဒီထဲမှာ ချင်းပြည်နယ်က ၁၈၃ ဦး ပါဝင်တယ်လို့လည်း AAPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်အုပ်စုကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ သေဆုံးခဲ့ရတဲ့ ၇၅၀၀ ဦးရေထဲမှာ အမျိုးသမီး သေဆုံးသူဦးရေက ၁၉၂၈ ဦးရှိပြီး ကလေးငယ်သေဆုံးသူက ၉၇၄ ဦး နဲ့ ဖမ်းဆီးပြီးနောက် အသတ်ခံရသူက ၂၂၃၃ ဦးရှိတယ်လို့လည်း AAPP က ထုတ်ပြန်ပါတယ်။
စုစုပေါင်း သေဆုံးစာရင်းကို AAPP က အတည်ပြုထားနိုင်တဲ့ အရေအတွက်သာဖြစ်ပြီး အတည်ပြုဖို့ လိုအပ်နေဆဲ အရေအတွက်က ၄၂၀၀ ဝန်းကျင်ကို သီးခြားပြုစုထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)ဖြင့် ထောင်ကျနေသူတွေ ထွက်ပြေးတိမ်းရှောင်နေရသူတွေနဲ့ အမှုရင်ဆိုင်နေရသူ စုစုပေါင်း ၈ ထောင်ကျော်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့က လွတ်ငြိမ်းခွင့် ၊ အမှုပိတ်သိမ်းကြောင်းကြေညာခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသား ၃ သောင်းဝန်းကျင်ကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်တယ်လို့ သိရပါတယ်။

