
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ၊ မော်လိုက် ကလေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားတွေရဲ့ အရေးပေါ်ဆေးကုသခွင့်အတွက် ထောင်အဏာပိုင်တွေက ငွေကြေးလာဘ်ပေးလာဘ်ယူမှုတွေနဲ့သာ ခွင့်ပြုနေတဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အရေးပေါ်ဆေးကုသခွင့်အတွက် တစ်ကြိမ်လျှင် ကျပ်ငွေ ၅ သိန်းကနေ သိန်း ၂၀ ကြားပေးဆောင်နေကြရပြီး ရံဖန်ရံခါ ထောင်အာဏာပိုင်တွေရဲ့ KTV ဖိုးကိုပင် ပေးဆောင်မှသာ ပြင်ပဆေးဝါးကုသခွင့် ရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတဲ့အကြောင်း PPNM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
“ ဆေးဝါးကုသခွင့်မရတဲ့ အခြေအနေတွေကြောင့် နိုင်ငံရေးအကျဉ်းသားတချို့ အာရုံကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေကြောင့် ခြေထောက်တွေလှုပ်မရတော့ဘဲ မသန်မစွမ်းဖြစ်သွားရတဲ့ အထိ အခြေအနေတွေ မော်လိုက်ကလေးအကျဉ်းထောင်မှာ ရင်ဆိုင်နေကြရတယ် နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ အရေးပေါ်ဆေးကုသခွင့်ကို မည်သည့် အကြောင်းရင်းမျှဖြင့် ပိတ်ပင်တားဆီးတာတွေကို ရပ်တန့်စေလိုတယ်လို့” လို့ PPNM က ဆိုပါတယ်။
အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတွေပေါ် ဖိနှိပ်တဲ့ အဖြစ်အပျက်တွေနဲ့ သတင်းတွေ ထွက်လာရင်လည်း ထောင်အာဏာပိုင်တွေက ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာနချုပ်ကို တင်ပြဖို့ သရုပ်ပြဓာတ်ပုံရိုက်တာတွေ ကျန်းမာရေးဟောပြောပွဲ သရုပ်ပြ လုပ်ဆောင်ဓာတ်ပုံတွေ ရိုက်ခြင်းဖြင့် ဖြေရှင်းလေ့ ရှိနေတယ်လို့လည်း PPNM က ဆိုပါတယ်။
အခုလို ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမရရှိခြင်းနဲ့ အရေးပေါ်ဆေးကုသခွင့် မရရှိခြင်းဟာ နိုင်ငံရေးအကျဉ်းသားတွေပေါ် ဖိနှိပ်ခြင်းသာမက နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတွေက သတ်မှတ်ထားတဲ့ အကျဉ်းသားများကို ပြုမှုရာတွင် လူ့ဂုဏ်သိက္ခာနဲ့ကိုက်ညီရမည် ဆိုတဲ့ အချက်ကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်ကျူးလွန်နေခြင်းဖြစ်ပြီး ဒီလိုချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ မော်လိုက် ကလေးအကျဉ်းထောင်က ထောင်အာဏာပိုင်တွေရဲ့ လုပ်ရပ်တွေပေါ် ပြင်းပြင်းထန်ထန် ကန့့်ကွက်ကွက်ရှုတ်ချတယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။
၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ ကနေ အောက်တိုဘာလ အထိ အကျဉ်းထောင်အသီးသီတွင် ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိမှုနဲ့ အရေးပေါ်ဆေးကုသခွင့် မရရှိလို့ ကျဆုံးရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၈ ဦးအထိ ရှိနေပြီဖြစ်တယ်လို့လည်း PPNM က ထုတ်ပြန်ထားပါတယ်။