

လွှတ်တော်အသီးသီးအတွက် ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ တနင်္ဂနွေနေ့မှာ ရွေးကောက်ပွဲ အပိုင်း (၁) စတင်ကျင်းပမှာဖြစ်ကြောင်း၊ပါတီစုံအထွေထွေရွေးကောက်ပွဲကို ဆက်လက်ကျင်းပပြုလုပ်မည့် အပိုင်းလိုက်ကျင်းပမယ့် နေ့ရက်တွေကိုလည်း ဆက်ထုတ်ပြန်သွားမှာဖြစ်တယ်လို့လည်း အာဏာသိမ်းစစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့သြဂုတ်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ကျင်းပမယ့် ပါတီစုံ ရွေးကောက်ပွဲကို ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေအပါအဝင် ချင်းပြည်နယ်ရဲ့ မြို့နယ် ၉ မြို့နယ်စလုံးကို လွှတ်တော် ၃ ရပ်အတွက် မဲဆန္ဒနယ်တွေအဖြစ် သတ်မှတ်ကြောင်းကိုလည်း အာဏာသိမ်းစစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သြဂုတ်လ ၁၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစလို့ ဒီဇင်ဘာလ စတုတ္တပတ် နဲ့ နောက်နှစ် ၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလ ပထမပတ်၊ ဒုတိယအပတ်တွေမှာ ၁ လ အချိန်ယူ ကျင်းပပြုလုပ်မယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ် ကိုယ်စားပြုပြီး ပါတီမှတ်ပုံတင်ရရှိပြီးဖြစ်တဲ့ ခူမီးအမျိုးသားပါတီ၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီနှင့် ဇိုမီးအမျိုးသားပါတီတို့က ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အထွေထွေရွေးကောက်ပွဲအတွက်မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) နဲ့ ကျင်းပမယ့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၁၀ မှာ မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၈၄ နယ်၊ အချိုးကျ ကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၂၆ နယ် စုစုပေါင်း မဲဆန္ဒနယ် ၁၁၀ ဖြစ်ကြောင်း၊ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်မှာ မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၃၂၂ နယ် နဲ့ အချိုးကျ ကိုယ်စား ပြုစနစ် (PR) မဲဆန္ဒနယ် ၄၂ နယ် စုစုပေါင်း မဲဆန္ဒနယ် ၃၆၄ နယ်၊ တိုင်းဒေသကြီး လွှတ်တော် ဒါမှမဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသား လူမျိုး( ရေးရာဝန်ကြီး) မဲဆန္ဒနယ် ၂၉ နယ် ဖြစ်တယ်လို့ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဩဂုတ် ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။