
သြဂုတ်လ ၁၄ ရက်။
အမေရိကန်နိုင်ငံ၊ဝစ်ကန်ဆင်ပြည်နယ်၊မီလ်ဝါကီးမြို့မှာနေထိုင်ကာ ဆူရှီဆိုင်ဖွင့်ထားတဲ့ အသက် ၃၅ နှစ်အရွယ် မတူ ( ချင်း) အမျိုးသားတစ်ဦးကို သြဂုတ်လ ၁၃ ရက်နေ့က ဓားနဲ့ထိုးသတ်ပြီး ထွက်ပြေးသွားတဲ့ ပြစ်မှုကျူးလွန်သူကို ဒေသ အာဏာပိုင်တွေက ဒီနေ့မှာဖမ်းဆီးရမိပြီလို့ သိရပါတယ်။
ဆူရှီဆိုင်ပိုင်ရှင်တစ်ဦးဖြစ်တဲ့ မတူ ( ချင်း) အမျိုးသားတစ်ဦးကို သူ့ဆီမှာ အလုပ်လုပ်နေတဲ့ ချင်းအမျိုးသားတစ်ဦးက သြဂုတ်လ ၁၃ ရက်နေ့က ဓားနဲ့ ထိုးတာကြောင့် သေဆုံးသွားခဲ့ရတာလို့ သိရပါတယ်။
ဆွေမျိုးနီးစပ်သူတစ်ဦးက “ပြစ်မှုကျူးလွန်တဲ့သူကိုတော့ အဖမ်းခံရပြီ ချင်းလူမျိုးပါဘဲ ဇိုတုန်သားလို့ သိရတယ် ။ သေဆုံးသွားသူက အသက် ၃၅ နှစ်လောက်တော့ ရှိပြီ။ ပြစ်မှုကျူးလွန်သူက အရင်က အမေရိကန်မှာ ပြစ်ဒဏ်တွေ နည်းနည်းထိတဲ့ဟာမျိုး ယာဉ်မောင်းလိုင်စင်တွေလဲ အကုန်အသိမ်းခံရတယ် ကားလဲ မောင်းလို့မရ အလုပ်လဲဝင်လို့ မရတဲ့ဟာမျိုး သူက အဲဒီမှာ အချင်းချင်းဆိုပြီး သူ့ဆီအလုပ်ဝင်ခိုင်းတာ အခုအသတ်ခံရတဲ့သူ ဆူရှီဆိုင် ၃ ဆိုင်လောက်ပိုင်တယ် နောက်ပိုင်းး သူ့ကိုလဲ ဆိုင်ခွဲတစ်ခုကို လူယုံအနေနဲ့ ဦးစီးဆောင်ရွက်ခိုင်းလိုက်တာ သူအိမ်မှာပဲ တစ်ခါတည်းနေခိုင်းလိုက်တာ အဲဒါဘယ်လိုဖြစ်ပြီး သတ်တာလဲတော့ သေချာမသိဘူး” လို့ပြောပါတယ်။
အသတ်ခံရလို့ သေဆုံးသွားသူ ဆူရှီဆိုင်ရှင်ဟာ မြန်မာပြည်က မိဘဆွေမျိုးညီအစ်ကိုတွေကို ထောက်ပံ့ပေးနေသူဖြစ်ပြီး သူ့မိသားစု ဆွေမျိုးတွေရဲ့ အဓိကအားထားရသူဖြစ်တယ်လို့လည်း သိရပါတယ်။