Headlines

ကချင်ပြည်နယ်၊ဖားကန့်မြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ ချင်းနဲ့ မြိုလူငယ် ၁၀ ယောက်ကျော်ကို ချင်းလက်နက်ကိုင်အဖွဲ့ကလို့ယူဆရသူတွေက ဖမ်းဆီးခဲ့ပြီး ၁ ဦး ပြန်လွတ်လာတယ်လို့ သိရ

ဩဂုတ်လ ၁၂ ရက်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကုဋေကျေးရွာမှာ အလုပ်လုပ်ကိုင်နေတဲ့ ချင်းလူငယ်နဲ့ မြိုလူငယ် စုစုပေါင်း ၁၀ ယောက်ကျော် ကို ချင်းလက်နက်ကိုင်အဖွဲ့ကလို့ ယူဆရသူတွေက သြဂုတ်လ ၆ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ ဖမ်းဆီးခံရတဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးဆီကနေ သိရပါတယ်။

ဖားကန့်မြို့နယ်မှာ အလုပ်လုပ်ကိုင်နေတဲ့ ကျောက်တော်မြို့နယ်က မြိုလူငယ် ၈ ယောက်နဲ့ ချင်းလူငယ်တွေကို သြဂုတ်လ ၆ ရက်နေ့ လုပ်ငန်းခွင်တစ်နေရာမှာ နေ့လည်ထမင်းစားနားနေကြတဲ့အချိန် လူမျိုးမေးပြီး အခုလို ဖမ်းဆီးခေါ်ဆောင်တာခံခဲ့ရတာလို့ သိရပါတယ်။

မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက “ကျောက်စိမ်းတူးတဲ့ ကျင်းမှာ အလုပ်လုပ်တယ်ပြောတယ် အဲဒီမှာ ရခိုင်တွေ၊ ဗမာတွေ၊ ချင်းတွေ ၊ မြိုတွေလည်းရှိတယ်တဲ့ လူမျိုးမေးတဲ့ခါ မြိုနဲ့ ချင်းတွေကို ခေါ်သွားတာတဲ့ ချင်းက ဘယ်မြို့နယ်က ချင်းလဲတော့ မသိသေးဘူး မြိုလူငယ်က ၈ ယောက်လို့သိရတယ် အဲဒီမှာ ကျန်းမာရေးမကောင်းတဲ့သူတွေကို ပြန်လွတ်ပေးတယ်လို့ သိရတယ်။ ချင်းနဲ့ မြိုလူငယ် စုစုပေါင်း ၁၀ ယောက်ကျော် ခေါ်သွားတယ် စာရင်းတိကျမသိရသေးဘူး ဘယ်အဖွဲ့အစည်းက အခုလိုဖမ်းတာလဲဆိုတာတော့ မသိဘူး ချင်းလို့ပဲ သိကြတာ နောက်ပြီး တခြားလက်နက်ကိုင်ဆိုရင် အကုန်ဖမ်းမှာပဲလေ အခုက ချင်းနဲ့ မြိုလူငယ်တွေကို ကွပ်ဖမ်းတာဆိုတော့” လို့ပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ လူငယ် ၁၀ ယောက် ကျော်ထဲကနေ မြိုလူငယ်တစ်ဦးကတော့ သြဂုတ်လ ၁၀ ရက်နေ့က ပြန်လွတ်လာလို့လည်း သိရပြီး ဖုန်းလိုင်းအဆက်အသွယ် အခက်အခဲကြောင့် အခြေနေတွေ အသေးစိတ် မသိရသေးတာလို့လည်း နီးစပ်သူတွေပြောပြချက်အရ သိရပါတယ်။

ကချင်ပြည်နယ်မှာ နွေဦးတော်လှန်ရေးကနေ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့လည်း ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းစစ်ရေးလှုပ်ရှားကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *