

မလေးရှားရောက် ချင်းလူမျိုးများအနေနဲ့ မဆင်မခြင် နေထိုင်ပြုမူမှုများကြောင့် ဖမ်းဆီးခံရမှုများကြုံတွေ့ပါက Independent Chin Communities (ICC) များဖြစ်တဲ့ ACR, CRC, DCM, FRO နဲ့ ZAM တို့အနေဖြင့် တာဝန်ယူဖြေရှင်းပေးမှာမဟုတ်ကြောင်း ဒီကနေ့ ဇူလိုင်လ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
ယခုလက်ရှိတွင် မြန်မာဒုက္ခသည်များ၊ အထူးသဖြင့် ချင်းလူမျိုးများနေထိုင်ရာ အိမ်ယာ၊ တိုက်ခန်း၊ ရပ်ကွက်တိုင်းတွင် အနေအထိုင် မဆင်မခြင်မှုများ၊ စည်းမဲ့ကမ်းမဲ့နေထိုင်သွားလာသောက်စားမှုကြောင့် မလေးရှားနိုင်ငံသားများမှ တိုင်းကြားမှုများရှိနေတယ်လို့ အသိပေးချက်စာမှာ ဖော်ပြထားပါတယ်။
အထူးသဖြင့် အရက်မူးယစ်ပြီး အော်ဟစ်ခြင်း၊ စကားများခိုက်ရန်ဖြစ်ပွားခြင်း၊ ညအချိန်မတော် လမ်းဘေးထိုင်ကာ အရက်သေစာသောက်စားခြင်း၊ လမ်းဘေးတွင်အိပ်ခြင်း၊ ညအချိန်မတော် လမ်းဘေးနဲ့ လူနေအိမ်အောက်များတွင် မူးယစ်ပြီး အော်ဟစ်ခြင်း၊ ဘောလုံးပွဲများအချိန်လွန်ကြည့်ခြင်း၊ ဘုရားကျောင်းတက်ဆင်းချိန်တွင် မိမိရိုးရာဝတ်စုံများနှင့် အဖွဲ့လိုက်ဝိုင်းဖွဲ့စကားပြောခြင်း၊ မိတ်ဆွေသူငယ်ချင်းများစောင့်ဆိုင်းခြင်း၊ နိုင်ငံသားများ အမြင်ကပ်အောင်စည်းကမ်းမဲ့နေထိုင်ခြင်း၊ အများသူငှာ နေထိုင်ရာ တိုက်ခန်းများ၊ ကွန်ဒိုများနှင့်ပန်းခြံများတွင် ဖျော်ဖြေရေး၊ ပါတီများနဲ့အစားအသောက်များကျင်းပခြင်း တို့ကြောင့် တိုင်ကြားခံရမှုများအတွက် အဖမ်းအစီး ကြုံတွေ့ပါက ICC အနေနဲ့တာဝန်ယူဖြေရှင်းပေးမှာမဟုတ်ဘူးလို့ သတိပေးထားပါတယ်။
ယခုကဲ့သို့ မဆင်မခြင် ဆက်လက်နေထိုင်ပြုမူပါက အဖမ်းအဆီးပိုမိုများပြားလာမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်သည် မလေးရှားအစိုးရ၏ အလှည့်ကျ အာဆီယံ ဥက္ကဌ တာဝန်ထမ်းဆောင်နေတဲ့ နှစ်ဖြစ်ကာ ၂၀၂၆ ခုနှစ်ဟာလည်း မလေးရှားခရီးသွားနှစ်ဖြစ်ခြင်းကြောင့် အဖမ်းအဆီးများသောနှစ်လို့ အစိုးရက သတ်မှတ်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
အဖမ်းအဆီးများကြုံလာခဲ့ပါက ပြန်လွတ်နိုင်ရန် နည်းလမ်းမရှိကြောင်း၊ ဒဏ်ကြေးဆောင်ပြီး မြန်မာပြည်သို့ ပြန်ပို့ရန်သာ အစိုးရ၏ ဆုံးဖြတ်ခြင်း ဖြစ်သောကြောင့် မြန်မာဒုက္ခသည်များအနေနဲ့ သတိထားပြီး စည်းကမ်းရှိရှိ သွားလာနေထိုင်ရန်၊ အိမ်နီးချင်း နိုင်ငံသားများနဲ့ သင့်သင့်မြတ်မြတ်နေထိုင်ရန်အတွက် ရည်ရွယ်၍ ဒုက္ခသည်များအရေးကိုရှေးရှုလျက် ယခုကဲ့သို့ထုတ်ပြန်ခြင်းဖြစ်တယ်လို့ ICC ကသတိပေးထားပါတယ်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ရောက်ရှိတဲ့ စစ်ဘေးရှောင် ချင်းလူမျိုးအချို့လည်း ရပ်ကွက်အတွင်း အရက်သေစာသောက်စားကာ ပတ်ဝန်းကျင်ကို အနှောက်အယှက်ပေးမှုကြောင့် မြန်မာပြည်သို့ ပြန်ပို့ခံရမှုများလည်းရှိနေပါတယ်။