
လေယာဥ်အမှုထမ်းနဲ့ ခရီးသည်စုစုပေါင်း ၂၄၂ ဦး လိုက်ပါလာတဲ့ Air India လေယာဥ် Boeing AI171 ဟာ ဇွန်လ ၁၂ရက်နေ့ က အိန္ဒိယအနောက်ပိုင်း Ahmedabad, Gujarat မှ လန်ဒန် Gatwick သွားဖို့ ပျံတက်ပြီး မကြာခင်ပျက်ကျခဲ့ပြီး လေယာဉ်အမှုထမ်းများဖြစ်တဲ့ မဏိပူရ်ပြည်နယ်က အသက် ၂၀ ကျော်ကူကီး(ချင်းအနွယ်ဝင်) လူမျိုးနဲ့ ကသည်းလူမျိုးဖြစ်တဲ့ လေယာဉ်မယ်နှစ်ဦးလည်း သေဆုံးခဲ့ရပါတယ်။
ကူကီးကျောင်းသားအဖွဲ့အစည်း (နယူးဒေလီ) နဲ့ Yong Kuki အဖွဲ့အစည်းတို့ကလည်း ကူကီးလူမျိုးလေယာဉ်မယ် Miss Lamnunthem Singson ရဲ့မထင်မှတ်ဖွယ် သေဆုံးခဲ့ရတဲ့အပေါ် ဝမ်းနည်းကြောင်း အသီးသီးထုတ်ပြန်ခဲ့ပါတယ်။
ကူကီးကျောင်းသားအဖွဲ့အစည်း (နယူးဒေလီ) ရဲ့ ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်မှာ လေယာဉ်မယ် Miss Lamnunthem Sinson ဟာ သတ္တိရှိသော၊ ကြံ့ခိုင်သောစိတ်ဓာတ်နဲ့ခွန်အားတို့ဖြင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်း၌ ထူးချွန်ထက်မြက်၍ ကြိုးစားပြီး အလားအလာရှိတဲ့ လူငယ်ပညာရှင်တစ်ဦးဖြစ်ကြောင်း၊ ဖခင်ကွယ်လွန်ပြီးနောက် သူမ၏ မောင်နှမများကို ပြုစုစောင့်ရှောက်သူဖြစ်ကြောင်း၊ လူမှုရေးခွဲခြားဆက်ဆံမှု၊ နိုင်ငံရေးဖိနှိပ်မှုနဲ့ တိုင်းရင်းသားအကြမ်းဖက်မှုတို့၏ ဒဏ်ရာဒဏ်ချက်များကြောင့် ကူကီးပြည်သူများ နာကျင်မှုကို နက်ရှိုင်းစွာ ခံစားနေရချိန်တွင် ဤကွယ်လွန်မှုသည် ထပ်မံနာကျင်မှုကို ဖြစ်စေရကြောင်း၊ ကူကီးလူမှုအသိုင်းအဝိုင်းတစ်ခုလုံးကိုယ်စား သူမ၏မိသားစုအား အနက်ရှိုင်းဆုံးဝမ်းနည်းကြောင်းနဲ့စာနာစိတ်များကို ပေးပို့အပ်ပါကြောင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်က သူတို့အား ခွန်အားဖြင့် နှစ်သိမ့်မှုပေးသနားပါစေကြောင်း၊ လေယာဉ်ပျက်ကျမှုတွင် သေဆုံးရသူများအားလုံး၏ ဝိညာဉ်များအနေဖြင့် ထာ၀ရငြိမ်းချမ်းစွာအနားယူနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သကြပါတယ်။
လေယာဉ်မယ် Miss Lamnunthem Sinson ဟာ ယခင်ကမဏိပူရ်ပြည်နယ်၊ အင်ဖာလ်မှာနေထိုင်ခဲ့ပေမယ့် ပြည်နယ်အတွင်း လူမျိုးရေးပဋိပက္ခမှုအကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ပြည်တွင်းနေရပ်စွန့်ခွါသူတစ်ဦးအဖြစ် Kangpokpi မှာ ပြောင်းရွှေ့နေထိုင်သူဖြစ်ပါတယ်။
Young Kuki အဖွဲ့အစည်းကလည်း ကျွန်ုပ်တို့၏ ညီမ ဆုံးရှုံးခဲ့ရသည့် စိတ်ကူး၍မရနိုင်သော ဆုံးရှုံးမှုကြောင့် ဝမ်းနည်းပူဆွေးရချိန်တွင်၊ ယနေ့ကြုံတွေ့ရသော ဝမ်းနည်းကြေကွဲမှုတွင် ကွယ်လွန်သွားသော ဝိညာဉ်များ၏ မိသားစုများထံသို့ ကျွန်ုပ်တို့၏ အနက်ရှိုင်းဆုံးသော ဆုတောင်းများကိုလည်း ပို့သအပ်ပါကြောင်း၊ ယခုလို ကြေကွဲဝမ်းနည်းဖွယ်အချိန်၌ မည်သည့်စကားလုံးမျှ ကြီးမားသော ဝမ်းနည်းမှုကို အမှန်တကယ် နှစ်သိမ့်နိုင်ခြင်းမရှိသော်လည်း ကျွန်ုပ်တို့သည် ဝမ်းနည်းမှု၊ ခွန်အားနှင့် စည်းလုံးမှုတို့ဖြင့် ရပ်တည်လျက်ရှိကြောင်း ဝမ်းနည်းကြောင်းသဝဏ်လွှာထုတ်ပြန်ခဲ့ပါတယ်။
ခရီးသည်ပေါင်း ၂၄၂ ဦးတင်ဆောင်တဲ့ လေယာဉ်ပျက်ကျမှုမှာ အသက် ၄၀ နှစ်အရွယ် Vishwash Kumar Ramesh ဆိုသူ ဗြိတိန်နိုင်ငံသားတယောက်တည်း အသက်ရှင် လွတ်မြောက်ခဲ့ပြီးသူဟာ ထိုင်ခုံ နံပါတ် 11A နေရာ၌ စီးနင်းလိုက်ပါသူဖြစ်ပါတယ်။ သူအား အိန္ဒိယ ဝန်ကြီးချုပ် Prime Minister Narendra Modi က Ahmedabad ပြည်သူ့ဆေးရုံမှာသွားရောက်တွေ့ဆုံခဲ့ပါတယ်။
ပျက်ကျခဲ့တဲ့ Air India Flight AI171 မှာ လန်ဒန်ကို သွားမယ့် အမျိုးသမီးတစ်ဦးဟာလည်း လေဆိပ်သို့အသွား ယာဉ်ကြီးပိတ်မိနေခဲ့တာကြောင့် လေယာဉ်ထွက်ခွါချိန်မမီလိုက်သဖြင့် အဆိုပါဖြစ်ရပ်ဆိုးကနေ လွတ်မြောက်ခဲ့တယ်လို့ Mizoram News ကဖော်ပြပါတယ်။ ပျက်ကျသွားတဲ့လေယာဉ်မှာ အိန္ဒိယ၊ ဗြိတိသျှ၊ ပေါ်တူဂီနှင့် ကနေဒါနိုင်ငံသားများ စီးနင်းလိုက်ပါခဲ့တာဖြစ်ပါတယ်။
လေယာဉ်ပျက်ကျမှုမှာ လန်ဒန်မှာ (၆) နှစ်လုံး ဆော့ဝဲလ်အင်ဂျင်နီယာ အဖြစ်အလုပ်လုပ်ကိုင်ပြီး လုပ်ငန်းအဆင်ပြေလာချိန်တွင် မိသားစုနဲ့အတူ လန်ဒန်တွင်နေထိုင်ရန် ကလေးသုံးဦးနဲ့၎င်း၏အမျိုးသမီးတို့ကို အိန္ဒိယကို ပြန်လာခေါ်တာဖြစ်ပြီး မိသားစုတစ်စုလုံးအသက်ဆုံးရှုံးခဲ့ရပါတယ်။ ဆော့ဝဲလ်အင်ဂျင်နီယာ Pratik Joshi ရဲ့အမျိုးသမီး ဒေါက်တာ Komi Vyas ဟာ လန်ဒန်မှာ မိသားစုနဲ့အတူ လိုက်ပါနေထိုင်ရန်အတွက် လိုအပ်တဲ့စာရွက်စာတမ်းများပြင်ဆင်ကာ လန်ဒန်သို့မသွားမီနှစ်ရက်က ဆရာဝန်အလုပ်မှ အလုပ်နှုတ်ထွက်စာတင်ခဲ့တာလည်းဖြစ်ပါတယ်။
ပျံသန်းချိန် နာရီပေါင်း ၈,၂၀၀ အတွေ့အကြုံရှိတဲ့ လေယာဉ်မှူး ဆမ်မီဆာဘာဝါလ်က လူနေအဆောက်အအုံပေါ်သို့ လေယာဉ်ပျက်မကျမီ “မေဒေး … အင်ဂျင်အလုပ်မလုပ်တော့ဘူး၊ ပါဝါကျနေတယ်၊ အထက်ကိုတက်လို့မရတော့ဘူး” လို့ အရေးပေါ်အကူအညီတောင်းခဲ့ကြောင်း၊ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ် AI171 ပေါ် ပါ လူ ၂၄၂ ဦးအနက် ၂၄၁ ဦးသေဆုံးကြောင်း Air India က အတည်ပြုခဲ့ပါတယ်။



