Headlines

ငဖဲမြို့နယ်မှာ စစ်ကောင်စီတပ်သား ၂၃ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ထပ်မံဖမ်းဆီးရမိကြောင်း CDF-Asho ထုတ်ပြန်

ဇွန်လ ၁၃ ရက်။

မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း – ပဒါန်းလမ်းမပေါ်က နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်း ဗျူဟာကုန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂၃ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ထပ်မံဖမ်းဆီးရမိတယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho )ကဒီကနေ့ ဇွန်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်း ဗျူဟာကုန်း အနီး မီတာ ၁၅၀၀ ပတ်လည် နတ်ရေကန် လမ်းဟောင်း ဖြတ်တောက်တိုက်ခိုက်ရေးလုပ်ဆောင်ဆောင်နေစဉ် နတ်ရေကန်ဗျူဟာကုန်းမှ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂၃ ဦးကို ဇွန်လ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့ အထိ ၅ ရက်အတွင်း နယ်မြေရှင်းလင်းရှာဖွေ၍ ဖမ်းဆီးရမိခဲ့သလို MA – 1 (၅) လက် နဲ့ MA – 3 (၃) လက် နဲ့ ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ CDF-Asho က ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေဟာ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် အတင်းအဓမ္မ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရသူတွေဖြစ်ကြပြီး ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ဆွယ်ပြီး အမြန်ဆုံးအလင်းဝင်ပူးပေါင်းကြဖို့ကိုလည်း CDF – Asho က တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ကလည်း နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ CDF – Asho က ဖမ်းဆီးမိခဲ့ပါတယ်။

ရခိုင်ရိုးမနဲ့ ဆက်စပ်နေတဲ့ မကွေးတိုင်း ငဖဲမြို့နယ် အမ်း – ပဒါန်းလမ်းမပေါ်က စစ်ကောင်စီရဲ့ နတ်ရေကန် MPT တာဝါတိုင်စခန်းကို အာရက္ခတပ်တော် (AA) နဲ့ပူးပေါင်းမဟာမိတ်တပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီး လက်ရှိမှာလည်း စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ ပြန်လည်ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေပြင်းထန်နေတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *