
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ အကျဉ်းချခံထားရသူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အထဲ ကလေးမြို့အကျဉ်းထောင်ကနေ အကျဉ်းသူ ၃ ဦး၊အကျဉ်းသား ၁၅ ဦး စုစုပေါင်း ၁၈ ဦးလွတ်မြောက်ပြီး လွတ်လာသူတွေအထဲ နိုင်ငံရေးအကျဉ်းသား တစ်ဦးမှမပါဘူးလို့ ဒေသခံနိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဆီကနေ သိရပါတယ်။
ကလေးမြို့ဒေသခံနိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးက “ကလေးအကျဉ်းထောင်ကနေ စုစုပေါင်း ၁၈ ယောက် လွတ်ငြိမ်းခွင့်ရတယ်၊ အမျိုးသမီး ၃ ဦး၊ အမျိုးသား ၁၅ ဦးပေါ့ အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးမှ မပါဘူးအရင်တုန်းကလည်းဒီလိုပါဘဲ လုပ်တာက အတူတူပါဘဲ လွတ်ခါနီး တစ်လ နှစ်လ လောက်သာလိုတော့တဲ့ ၅၀၅ တွေကိုဘဲ လွတ်ပေးတာ အဲလိုမျိုးဘဲများတယ်” လို့ ပြောပါတယ်။
ဒီကနေ့ ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့ မှာ မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်တွေထဲ အကျဉ်းချခံထားရသူ ၄,၈၉၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်ထဲ အသီးသီးမှာ အကျဉ်းချခံထားရသူ ၄,၈၉၃ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက အဲဒီပြစ်ဒစ်အပြင် အခုကျခံဖို့ ကျန်နေတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာလို့လည်း ထုတ်ပြန်ထားပါတယ်။
နိုင်ငံတော်ရဲ့ မေတ္တာနဲ့စေတနာကိုနားလည်စေဖို့ ရှေးရှုတဲ့အနေနဲ့ ၂၀၂၅ ခုနှစ် ဧပြီ ၁၇ ရက်မတိုင်မီ လူ သတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေအရ ပြစ်မှုတွေ မတရားအသင်းများအက်ဥပ ဒေအရ ပြစ်မှုတွေ၊ လက်နက်များ အက်ဥပဒေတွေ၊ ၂၀၂၃ ခုနှစ် လက်နက်ဥပဒေအရ ပြစ်မှုတွေ မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ပြစ်မှုတွေ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ ပြစ်မှုတွေ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုတွေ နဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုတွေမှအပ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုခုနဲ့စပ်လျဉ်းပြီး ပြစ်ဒဏ်ချမှတ်ခံရပြီး အကျဉ်းထောင် /အချုပ်ထောင်/စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/အကျဉ်းသူတွေကိုလည်း ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်ရဲ့ ခြောက်ပုံ တစ်ပုံကို လွတ်ငြိမ်းသက်သာခွင့် ပြုလိုက် တယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်