Input your search keywords and press Enter.

ချင်းပြည်နယ်မှာ တိုင်းရင်းသားရေးရာဝန်ကြီး ခန့်အပ်ခြင်း၏ ပဟေဠိ

 

Salai Ceu Bik Thawng

 

ချင်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးအတွက် ၂၀၀၈ အခြေခံဉပဒေ ပုဒ်မ ၄၁၉အရ ပလက်ဝမြို့မှာ နေထိုင်သော ရခိုင်လူမျိုး ဉီးစိန်ထွန်းလှကို စစ်ကောင်စီက ခန့်အပ်မှုအပေါ် မေးခွန်းထုတ်စရာ အများအပြားရှိလာပါသည်။ သူတို့ စွဲကိုင်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေအရ ချင်းပြည်နယ်တွင် လူမျိုးခြား ရေးရာဝန်ကြီး ခန့်အပ်နိုင်လောက်အောင် လူဉီးရေ အလုံအလောက်ရှိမရှိ ဆိုသည့်အချက်နှင့် ထိုသို့ မဖြစ်ဖြစ်အောင် ခန့်အပ်ခြင်း၏ နောက်ကွယ်မှာ စစ်ကောင်စီ၏ ကစားကွက် မည်ကဲ့သို့ရှိသနည်း ဆိုသည့်အချက်သည် အထူးတလေ စဉ်းစားစရာ ဖြစ်ပါသည်။

ပထမချက်အနေဖြင့် စစ်ကောင်စီက ပုဒ်မ ၄၁၉အရ ဝန်ကြီးများ ခန့်အပ်ခွင့်ရှိသော်လည်း ရေးရာဝန်ကြီးဆိုင်ရာ ခန့်အပ်မှုကို  ဖွဲ့စည်းပုံအခြေခံဉပဒေ ပုဒ်မ ၁၆၁ (ဂ)မှာ အတိအလင်း ပြဌာန်းထားသည့်အတွက် ၎င်းနှင့်အညီသာ ဆောင်ရွက်ရမည် ဖြစ်သည်။ အဆိုပါ ပုဒ်မ ၁၆၁(ဂ)အရ ပြည်နယ်တစ်ခုတွင် နိုင်ငံတော် လူဉီးရေ၏ ၀.၁ ရာခိုင်နှုန်းအထက် လူဉီးရေးရှိသည့် အခြားလူမျိုးများရှိမှ အဆိုပါလူမျိုးအတွက် ရေးရာဝန်ကြီးနေရာတစ်ခုကို ၎င်းပြည်နယ်တွင် ဖွဲ့စည်းပေးရမှာဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံတွင် လူဉီးရေ ၅၄သန်းရှိသည်။ ယင်း၏ ၀.၁ရာခိုင်နှုန်းသည် ငါးသောင်းလေးထောင်ဖြစ်သည်။

စစ်ကောင်စီက ဉီးစိန်ထွန်းလှကို တိုင်းရင်းသားရေးရာဝန်ကြီးဟု ခန့်အပ်ပြီး ‘မည်သည့်တိုင်းရင်းသားရေးရာ’ဆိုသည်ကို မဖော်ပြပေ။ အမှန်စင်စစ် တိတိကျကျ ဖော်ပြရမည်။ အရင်အစိုးရလက်ထက်များတွင် တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဉီးခန့်အပ်ထားပြီး မည်သည့်လူမျိုးရေးရာ ဆိုသည်ကို အတိအလင်း ဖော်ပြခဲ့သည်။

မည်သို့ပြင်ဆိုစေ ချင်းပြည်နယ်အတွင်း ခန့်အပ်သည့် ရခိုင်လူမျိုး ဉီးစိန်ထွန်းလှသည် ရခိုင်ရေးရာဝန်ကြီး(ဌာန) အဖြစ် ခန့်အပ်ထားခြင်းဖြစ်သည်မှာ သိသာနေပြီး ထိုသို့ခန့်အပ်ခြင်းအားဖြင့် ချင်းပြည်နယ်တွင် ရခိုင်လူမျိုး ၅၄,၀၀၀ဉီး အထက် ရှိသည်ဟု စစ်ကောင်စီက သတ်မှတ်လိုက်ခြင်း ဖြစ်ပါသည်။

ချင်းပြည်နယ်မှာ ရခိုင်လူမျိုး အမှန်တကယ် ငါးသောင်းကျော် ရှိနိုင်မလား။ ချင်းပြည်နယရှိ် ရခိုင်လူမျိုး ၉၉ ရာခိုင်နှုန်းသည် ပလက်ဝ မြို့နယ်တွင် နေထိုင်ကြပါသည်။ ချင်းပြည်နယ်အခြားမြို့နယ်များတွင် ရခိုင်လူမျိုးမှာ ဝန်ထမ်းများသာရှိပြီး ရှိလှမှ ရာဂဏန်းမျှသာရှိမည်။ ကုလားတန်မြစ်တကျောတွင် အများစုနေထိုင်ကြပြီး ထိုအထဲတွင် ရာသီအလိုက်နေထိုင်သူများ (ယာယီသဘောဖြင့်နေထိုင်သူများ) ခပ်များများရှိပါသည်။ စစ်ကောင်စီနှင့် အေအေ(AA)တိုက်ပွဲ ငါးနှစ်ကျော်အတွင်း ပလက်ဝမြို့နယ်ရှိ ရခိုင်လူမျိုးများကို စစ်ကောင်စီက ပြစ်မှတ်ထား ထိုက်ခိုက်လေ့ရှိသဖြင့် ခပ်များများသည် ရခိုင်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ကြသည်ကိုလည်း တွေ့ရပါသည်။

ချင်းပြည်နယ်တွင် ရခိုင်လူဉီးရေ အမှန်တကယ် မည်မျှရှိမည်နည်း။ အစိုးရက တရားဝင် ဖော်ပြခြင်းမရှိသော်လည်း ၂၀၀၃ ခုနှစ်တွင် ဗိုလ်မှုးကြီး လှမြင့်က ရေးသားသည့် စာအုပ်မှာ ချင်းပြည်နယ်တွင် ရခိုင်လူဉီးရေ ၁၈,၅၇၅ဉီး ရှိသည်ဟု ဖော်ပြသည်။ ပလက်ဝမှာ တာဝန်ထမ်းဆောင်သော ခေါင်းဆောင် တစ်ဉီး၏ စာရင်းအရ  လက်ရှိတွင် ပလက်ဝမြို့နယ်မှာ လူဉီးရေ ၁၀၀,၉၀၀ ဉီးရှိပြီး ရခိုင်လူဉီးရေ ၂၇,၀၀၀ ရှိသည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ပလက်ဝမြိုန့ယ် လူဉီးရေ ၉၇,၀၅၃ ရှိပါသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ချင်းပြည်နယ်အတွင်း ဗုဒ္ဓဘာသာဝင် ၆၂,၀၇၉ ဉီးရှိသည်။ မင်းတပ်နှင့် ကန်ပက်လက်မြိုနယ်များတွင် ဗုဒ္ဓဘာသာဝင် နှစ်သောင်းခန့်ရှိသည်။ ချင်းပြည်နယ်မြောက်ပိုင်းတွင် ဗုဒ္ဓဘာသာဝင် ရာဂဏန်းမျှသာရှိသည်။ အထက်ပါညွန်းကိန်းအရ ပလက်ဝမြို့နယ်တွင် ဗုဒ္ဓဘာသာဝင် ၄ သောင်းမှ အများဆုံး ၅ သောင်းအကြား ရှိသည်။ ပလက်ဝမြို့နယ်ရှိ ချင်းဗုဒ္ဓဘာသာဝင် အနည်းဆုံး ၂သောင်းခန့် ရှိသည်ဆိုလျှင်ပြင် ရခိုင်(အားလုံး ဗုဒ္ဓဘာသာဝင်ဖြစ်)လူမျိုးသည် မည်သို့မျှ ၃ သောင်းကျော်နိုင်စရာ အကြောင်းမရှိပေ။

ရိုးရိုးလေးဖြင့် စဉ်းစားကြည့်ပါစို့။ လက်ရှိတွင် ပလက်ဝမြို့နယ်မှာ လူဉီးရေ ၁ သိန်းစွန်းစွန်း ရှိသည်။ လက်ရှိ စစ်ကောင်စီ၏ သတ်မှတ်ချက်အရ ပလက်ဝမြို့နယ်မှာ ရခိုင်လူမျိုး ၅ သောင်းကျော်ရှိလျှင် ပလက်ဝမြို့နယ်အတွင်း ချင်းလူမျိုးထက် ရခိုင်လူမျိုး ပိုများသည်ဟု သက်ရောက်သွားမည်။ ယင်းသည် လုံးဝ မဖြစ်နိုင်သည့်၊ လက်ခံနိုင်စရာမရှိသည့် သတ်မှတ်ချက်ဖြစ်ပါသည်။

စဉ်းစားစရာ တစ်ခုသည် စစ်ကောင်းစီအနေဖြင့် ပလက်ဝမြို့နယ်အတွင်း တောခိုနေကြသော အေအေစစ်သားများကို စာရင်းထည့်နေသလော ဆိုသည့်အချက်ဖြစ်ပါသည်။ သန်းခေါင်စာရင်းနှင့် နိုင်ငံတော် လူဉီးရေအင်အားစာရင်းတွင် မည်သည့်အချိန်အခါကမျှ မတရားအသင်းအဖြစ် သတ်မှတ်ထားသည့် တောတွင်းလက်နက်ကိုင်စစ်သား စာရင်းကို ထည့်သွင်းရိုးထုံးစံတော့မရှိပေ။ ထိုကဲ့သို့ ပေါင်းထည့်သည်ဆိုလျှင်ပြင် အေအေစစ်သားသည် ပလက်ဝမြို့နယ်မှာ နှစ်သောင်း သုံးသောင်းကျော်ရှိနိုင်မည်လော။ လုံး၀ မဖြစ်နိုင်။

ချင်းပြည်နယ်တွင် ရခိုင်လူမျိုး အမှန်တကယ် အလုံအလောက်ရှိသောကြောင့် ရခိုင်ရေးရာဝန်ကြီး ခန့်အပ်ထားခြင်းဖြစ်ပါက မည်သို့မျှ စောဒကတက်စရာ အကြောင်းမရှိပေ။ မိမိတို့ ချင်းလူမျိုးများသည် ဘာသာရေးအရသော်လည်းကောင်း၊ လူမျိုးရေးအရသော်လည်းကောင်း၊ မတူကွဲပြားသူများ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုကို ယဉ်ကျေးမှုတစ်ခုအဖြစ် လက်ခံထားသည့်လူမျိုးများ ဖြစ်ပါသည်။

သို့သော် အထက်တွင် ဖော်ပြထားသည့်အတိုင်း ယခုကဲ့သို့ စစ်ကောင်စီ၏ လုပ်ရပ်သည် ရခိုင်နှင့် ချင်းလူမျိုးအကြား ရန်တိုက်ပေးခြင်းသက်သက် ဖြစ်သောကြောင့် သော်လည်းကောင်း၊ ချင်းပြည်နယ်သည် လူမျိုးခြား ရေးရာဝန်ကြီး တစ်ဉီးမှ မရှိခဲ့သည့် တစ်ခုတည်းသော ပြည်နယ်ဖြစ်ခဲ့သည်ကို လူမျိုးများ ရောနှောပျောက်ကွယ်စေလိုသော တမင်တကာ ဖန်တီးသည့် လုပ်ရပ်ဖြစ်သောကြောင့်လည်းကောင်း၊ မိမိတို့အနေဖြင့် လုံးဝ(လုံးဝ) လက်မခံသင့်သော အရာဖြစ်သည်။

ထို့ကြောင့်  ဤကဲ့သို့သောလုပ်ရပ်ကို ချင်းနှင့် ရခိုင်ညီအကိုများက ပူးပေါင်းတိုက်ထုတ်သင့်ပါသည်။ ယင်းသို့ ဆန့်ကျင်လှုပ်ရှားသည့်အနေဖြင့် ရခိုင်နှင့် ချင်းအခြေစိုက် အဖွဲ့အစည်းများက ပူးပေါင်းသဘောထားထုတ်ပြန်ချက်များ ထုတ်သင့်သည့်အပြင် အထူးသဖြင့် ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသော အဆိုပါ ရခိုင်ညီအကိုအနေဖြင့် မိမိအား ခန့်အပ်တာဝန်ပေးမှုကို ပြတ်ပြတ်သားသား ငြင်းဆန်းသင့်ပါသည်။ သို့မဟုတ်ပါက မလိုလားအပ်သည့် ပြသနာများ အမြစ်တွယ်နိုင်သည်။

ဆလိုင်း ကျဲအိုဘိခ်ထောင်