Headlines

Myanmar Star Season 2 ရဲ့ Grand Final ဝင်ရောက်ယှဉ်ပြိုင်မယ့် ၄ ဦးမှာ ချင်းလူငယ် ၂ ဦး ဆက်လက် ပါဝင်

မတ်လ ၁၄ ရက်။

ဒီကနေ့ မတ်လ ၁၄ ရက်နေ့မှာ ကျင်းပတဲ့ Myanmar Star Season 2 ရဲ့ Top 7 result show မှာ Grand Final ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသူ ၄ ဦးထဲမှာ ချင်းလူငယ် နှစ်ဦး ဖြစ်တဲ့ Ephraim Kyaw Oo နှင့် Hoihpi တို့ ပါဝင်ခဲ့ကြောင်း Myanmar Star Top 7 result show တိုက်ရိုက် ထုတ်လွင့်မှု အရ သိရှိရပါတယ်။

Ephraim Kyaw Oo (Paletwa), Nan Ni (Myitkyina), Saw Myo Razar Kyaw (လိပ်သို) နှင့် Hoihpi (Tedim) တို့ ၄ ဦးဟာ လာမည့် အပတ်မှာ Grand Final ကို ဆက်လက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး၊ JK Sophia (Kachin), , Zan Nilli (Myeik), နှင့် Hmue Myat Chel (Mandalay) တို့ သုံးဦး ကတော့ ဒီအပတ်မှာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရ ပါတယ်။

ပြီးခဲ့တဲ့ အပတ် မတ် ၇ ရက်နေ့ Top 7 Result show မှာ ထွက်ခွါနိုင်တဲ့စာရင်း ဖြစ်သော red zone မှာ ဒိုင်များမှ အမှတ် အများဆုံး ပေးခဲ့သူ ၃ ဦး ပါဝင်ခဲ့တာကြောင့် ၇ ယောက် စလုံးကို အခုအပတ်တွင် ပြန်လည် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပြုခဲ့တာ ဖြစ်ပြီး အရင်ပတ်က အန္တရာယ်ဇုံသတ်မှတ်ထားတဲ့ red zone မှာ ထိုင်ခဲ့ရတဲ့ Ephraim Kyaw Oo (Paletwa), Nan Ni (Myitkyina), Saw Myo Razar Kyaw (လိပ်သို) တို့ သုံးဦးဟာ ဒီအပတ်မှာ Grand Final ယှဉ်ပြိုင်ခွင့် ရရှိသူများ ဖြစ်လာခဲ့ ပါတယ်။

မတ်လ ၁၄ ရက်နေ့ည Top 7 result show မှာတော့ ဒိုင်တွေပေးတဲ့ အမှတ် နှင့် voting ကနေ ရတဲ့ အမှတ် စာရင်းကို ထုတ်လွင့်ပေး ခဲ့ပြီး ဒိုင်တွေပေးတဲ့ အမှတ် ၅၀ ထဲကနေ ၄၉.၂မှတ် ဖြင့် အများဆုံး ရရှိခဲ့သူ JK Sophia ကတော့ ပြိုင်ပွဲကို နှုတ်ဆက်ခဲ့ရ ပါတယ်။

Myanmar Star Season 2 မှာတော့ ယှဉ်ပြိုင်သူ ၄၀၀၀ ကျော် ရှိခဲ့ကြောင်း၊ Judge Audition ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ MICT Park ရှိ Myanmar Star Studio မှာ စတင်ပြုလုပ်ခဲ့ကြောင်း၊ အကဲဖြတ် ဒိုင် အဖြစ် တေးရေးဆရာ စောခူဆဲ၊ အဆိုတော် မေခလာ နှင့် အနုပညာရှင် ဇင်အောင် တို့ဖြစ်ကာ၊Program ဒါရိုက်တာ အဖြစ် တေးရေးဆရာ မြင့်မိုးအောင် က ဆောင်ရွက်ခဲ့ ပြီး vocal coach အဖြစ် ဆရာမ Tracy က ဆောင်ရွက်ခဲ့ ကြောင်း Myanmar Star ရဲ့ ဖော်ပြချက်များ နှင့် တိုက်ရိုက် ထုတ်လွင့်မှုများ အရ သိရှိရ ပါတယ်။

ဆုကြေးငွေ အဖြစ် Winner ကို မြန်မာငွေကျပ် သိန်းတစ်ထောင်၊ First Runner Up ကို သိန်းလေးရာ နှင့် Second Runner Up ကို သိန်း တစ်ရာ အသီးသီး ချီးမြှင့် သွားမယ်လို့လည်း Myanmar Star ရဲ့ ကြေငြာချက် အရ သိရှိရပါတယ်။

ပါဝင် ယှဉ်ပြိုင်ခွင့် နဲ့ပတ်သက်ပြီး အရည်အချင်း သတ်မှတ် ရာမှာတော့ အသက် ၃၀ နှစ် အောက် ရှိသူ၊ လက်ရှိတွင် မြန်မာပြည် အတွင်း နေထိုင်သူ ဖြစ်ရမည်ဟု သတ်မှတ် ထားပြီး ယှဉ်ပြိုင်ရာမှာတော့ မြန်မာ သီချင်း (သို့မဟုတ်) အင်္ဂလိပ် သီချင်း ကို ဆိုရမှာ ဖြစ်တယ် လို့လည်း ကြေငြာ ချက် အရ သိရှိခဲ့ ရပါတယ်။

လက်ရှိ Top 4 ကို ရွေးချယ် ရာမှာတော့ ဒိုင် အမှတ် ၅၀% နှင့် voting အမှတ် ၅၀% ရယူ ရွေးချယ်ခြင်း ဖြစ်တယ်လို့ လည်း တိုက်ရိုက် ထုတ်လွင့်မှုအရ သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *