
ဖေဖော်ဝါရီလ ၂၄ ရက်။
Chinland Council (CC), CHRO တာဝန်ရှိသူအချို့နဲ့ စစ်ကောင်စီအကြီးအကဲတစ်ဦးတို့ ဘန်ကောက်မြို့၌ တွေ့ဆုံပြီး သဘောတူညီချက်အချို့ ရယူခဲ့တယ်လို့ “တို့ဌာနေ Zogam သတင်း” အွန်လိုင်းဖေ့ဘုတ်ပေ့ချ် စာမျက်နှာမှာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ရေးသားဖော်ပြမှုမှာ သတင်းအမှားသာဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး အတွင်းဝင်ရုံး ( CNF Secretariat Office) အဖွဲ့က ဖေဖော်ဝါရီလ (၂၃) ရက်နေ့မှာပဲ ပြန်လည်တုံ့ပြန်ပါတယ်။
“တို့ဌာနေ Zogam သတင်း” အွန်လိုင်းဖေ့ဘုတ်ပေ့ချ် စာမျက်နှာမှာ “SAC အကြီးအကဲတစ်ဦးနဲ့ Chinland Council (CC), CHRO တာဝန်ရှိသူအချို့ ဘန်ကောက်မြို့၌ တွေ့ဆုံပြီး ကတိကဝတ်များပေးကြ” ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ ဖေဖော်ဝါရီလ (၂၃) ရက်နေ့က ရေးသားထားတာဖြစ်ပါတယ်။
သတင်းမှာ CC နဲ့ CHRO တာဝန်ရှိသူ Salai Bawi Lian Mang တို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ SAC အကြီးအကဲ တစ်ဦးနဲ့တွေ့ဆုံပြီး ချင်းအမျိုးသားတပ်ဦးဌာနချုပ် Victoria Campus နဲ့ ဟားခါးမြို့တော်တို့ကို ဗုံးကြဲတိုက်ခိုက်မှုမလုပ်ရန် တောင်းဆိုခဲ့ကြောင်း၊ CNF/A အနေနဲ့ ZPCC/ZRA – EC နဲ့ Chin Brotherhood ကို အပြီးတိုင်တာဝန်ယူတိုက်ထုတ်သွားမှာဖြစ်တဲ့အပြင် နိုင်ငံရေးကိစ္စမှာလည်း SAC နဲ့ NCA လမ်းကြောင်းအတိုင်းဆက်လက်ရပ်တည်မည့် ကိစ္စများဆွေးနွေးခဲ့သည်လို့ ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။
ချင်းအမျိုးသားတပ်ဦး အတွင်းဝန်ရုံး(Secretariat Office)က အဆိုပါသတင်းနဲ့ပတ်သက်ပြီး သတင်းမှာလုံးဝမှားယွင်းကြောင်း၊ ချင်းအမျိုးသားတပ်ဦးအနေနဲ့ ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း NCA လမ်းကြောင်းကို စွန့်လွှတ်လိုက်တဲ့အပြင်၊ စစ်ကောင်စီတပ်ဖွဲ့တစ်ချို့ကို စစ်မြေပြင်တွင် စစ်ရေးဗျူဟာအရ လက်နက်ချ အလင်းဝင်စေရေး ဖိအားပေးပြောဆိုမှုမှအပ စစ်ကောင်စီလက်အောက်ရှိ မည်သည့်အဖွဲ့၊ ပုဂ္ဂိုလ်နဲ့မျှ ဆက်သွယ်စကားပြောခြင်းမရှိခဲ့ကြောင်း ၎င်းတို့ရဲ့ အွန်လိုင်းဖေ့စ်ဘုတ်စာမျက်နှာကနေ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
