
ဖေဖော်ဝါရီလ ၂၁ ရက်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ပြည်သူတွေနဲ့ ပြည်သူ့ရဲဘော်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ People’s Healthcare Network Kalay (PHN –Kalay) ရဲ့ Medical Centre (4) ကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၄ ရက်နေ့က လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၃ ဦးသေဆုံးခဲ့ရပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ PHN – kalay ကဒီကနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလလ ၁၄ ရက်နေ့ ညနေ ခြောက်နာရီဝန်းကျင်မှာ ထိခိုက်ဒဏ်ရာရရှိတဲ့ ပြည်သူတွေကို အရေးပေါ်ခွဲစိတ်ကုသမှုတွေ ဆောင်ရွက်နေစဉ် စစ်ကောင်စီကလေကြောင်းကနေ ထပ်မံ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်ဆီးလျက်ရှိတဲ့ စက်ဆုတ်ရွံရှာဖွေကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း PHN – kalay ကထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကလေး – ဂန့်ဂေါကားလမ်းမကြီးဘေးမှာရှိတဲ့ သူတို့လက်လွှတ်ခဲ့ရတဲ့ စခန်းတွေကို ပြန်ရဖို့ ခုရက်ပိုင်းအတွင်း လေကြောင်းကနေ လူအင်အား၊ လက်နက်နဲ့ ရိက္ခာတွေကို လေကြောင်းသုံးပြီး အလုံးအရင်းပို့ဆောင်နေတယ်လို့လည်း သိရပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းမှာ ဖေဖော်ဝါရီလအစကနေ စစ်ကောင်စီတပ်ဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲပြန်ဖြစ်ကတည်းကစပြီး စစ်ကောင်စီက လေကြောင်းကနေ အသည်းအသန် တိုက်ခိုက်တာတွေ လုပ်ခဲ့တာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေလည်းရှိသလို ဒေသခံပြည်သူသောင်းချီဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
