
ဖေဖော်ဝါရီလ ၁၀ ရက်။
ဟားခါး – ထန်တလန်ကြား ခြေကုပ်ယူထားတဲ့ ပွိုင့် – ၃ စခန်းက စစ်မှုထမ်းဥပဒေကြောင့် ဖမ်းဆီးစုဆောင်းခံထားရတဲ့ စစ်ကောင်စီတပ်သားတွေထဲက တပ်သား (၄) ဦးဟာ လက်နက် ခဲယမ်းအပြည့်အစုံနဲ့ ချင်းအမျိုးသားတပ်မတော် (CNA) ထံ အလင်းဝင်ရောက်ခဲ့ပြီး CNA ကလည်း လက်နက် ၁ လက်ကို ကျပ်သိန်း ၅၀ ကျပ်တိတိ ဆုငွေချီးမြင့်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF/A) ရဲ့သတင်းတွေ ဖော်ပြတဲ့ Chinland Information Center က ဒီကနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာထုတ်ပြန်ပါတယ်။
စစ်မှုထမ်းမထမ်းမနေရ ဥပဒေကြောင့် ဖမ်းဆီးစုဆောင်းခံရတဲ့ တပ်သားတွေထဲက (၄) ဦးဟာ ချင်းအမျိုးသားတပ်မတော် (CNA) ထံ လက်နက် (၃) လက်နှင့် ခဲယမ်း အပြည့်အစုံနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က အလင်းဝင်ရောက်ခဲ့တယ်လို့ Chinland Information Center က ထုတ်ပြန်ပါတယ်။
ချင်းပြည်နယ် ဟားခါးမြို့နဲ့ ထန်တလန်မြို့ကြားက စစ်ကောင်စီတပ်စခန်းတွေကို ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့မှာ သိမ်းပိုက်ထားသလို စစ်ကောင်စီဘက်ကလည်း သူတို့လက်လွှတ်ထားရတဲ့ ဟားခါး – ထန်တလန်ကြားက တပ်စခန်းတွေကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်တာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ချင်းအမျိုးသားတပ်ဦး (CNF/A) ဦးဆောင်တဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့တွေကလည်း စစ်ရေးအရ အရေးပါတဲ့ ထန်တလန်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။