Headlines

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် နိုင်ငံရေး ဦးတည်ချက် ၆ ရပ်ကို ချမှတ်ထားကြောင်းချင်းညီနောင်အဖွဲ့ (CB)နဲ့NUG ၊CRPH၊ NLD ၊NUCC တို့က ပူးတွဲထုတ်ပြန်

ဖေဖော်ဝါရီလ ၃ ရက်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် နိုင်ငံရေး ဦးတည်ချက် ၆ ရပ်ကို ချမှတ်ထားကြောင်းချင်းလက်နက်ကိုင် ၆ ဖွဲ့စုစည်းထားတဲ့ချင်းညီနောင်အဖွဲ့ (CB)နဲ့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ( CRPH)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၊ အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)တို့က ပူးတွဲပြီး ဒီကနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာထုတ်ပြန်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက်နိုင်ငံရေး ဦးတည်ချက် ၆ ရပ်မှာ

(၁)စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး အနာဂတ်တွင် စစ်တပ်၏နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်၊

(၂) လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကိုဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်၊

(၃) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်၊

(၄) သက်ဆိုင်သူ အစုအဖွဲ့များအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲ ပြဌာန်းရန်၊

(၅) ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အသစ်အား တည်ဆောက်ရန်၊

(၆ ) ပဋိပက္ခအတွင်း “လိင်နှင့် ကျား၊မအပေါ် အခြေခံသော အကြမ်းဖက်မှုများ အပါအဝင်” မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုပြန်လည်ရရှိရေးနှင့် အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ် ဖော်ဆောင်ရန်၊ လို့ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံရေး ခေါင်းဆောင်များနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးက မြန်မာနိုင်ငံရဲ့ လက်ရှိ ပြဿနာတွေကို ဖြေရှင်းရာမှာ အလွန်အရေးကြီးတယ်လို့ မှတ်ယူကြောင်းလည်း ပူးတွဲထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲဟာလည်း ကျင်းပနိုင်မယ့် အခြေအနေမဟုတ်ကြောင်းနဲ့ အတုအယောင်ရွေးကောက်ပွဲကို အဓမ္မကျင်းပဖို့ ပြင်ဆင်နေခြင်းက မြန်မာနိုင်ငံတွင်း ပဋိပက္ခများကို တိုးလာစေမယ့်အပြင် ဒေသတွင်းမတည်ငြိမ်မှုတွေကို ပိုမိုဖြစ်စေမှာဖြစ်တာကြောင့် ပြည်သူလူထုနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက ပူးပေါင်းပါဝင်ခြင်း၊ပံ့ပိုးကူညီခြင်းများအား ရှောင်ကြည်ကြဖို့လည်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်သူတွေပေါ် အကြမ်းဖက်လုပ်ရပ်တွေ မကျူးလွန်နိုင်စေရန် နိုင်ငံအချို့အနေဖြင့် လေယာဉ်ဆီအပါအဝင်စစ်လက်နက်ပစ္စည်းတွေပံ့ပိုးရောင်းချတာတွေနဲ့ သံတမန်ရေးအရ အသိမှတ်ပြု ဆက်ဆံတာတွေ ရပ်တန့်ပေးဖို့တို့ကိုလည်း ပူးတွဲထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *