ဇန်နဝါရီလ ၁၀ ရက်။
ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်မှာ ဒီကနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့မနက် ၇ နာရီ ဝန်းကျင်မှာ တီးတိန်မြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ PDF – Zoland တပ်ဖွဲ့က လက်နက်တွေနဲ့ နယ်ဆင်းဖို့ သွားလာတာကို တီးတိန်မြို့မှာရှိတဲ့ စစ်ကောင်စီတပ် ခလရ (၂၆၉) တပ်ရင်းက မြင်ပြီး လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ကြောင်းလူအထိအခိုက်မရှိကြောင်းသိရပါတယ်။
PDF – Zoland ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက “နယ်ဆင်းဖို့ သွားတဲ့ချိန်မှာဖြစ်သွားတာပါ လူအင်အား၊ လက်နက်အင်အားနဲ့ သွားတာသိလို့ သူတို့ (စစ်ကောင်စီ)ကကြောက်ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်တာပါ”လို့ပြောပါတယ်။
စစ်ကောင်စီ ခလရ (၂၆၉) တပ်ရင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေကြောင့် လူနေအိမ်တချို့က အိမ်နံရံတွေ၊ ပြတင်းပေါက်မှန်တွေ ကွဲတာမျိုးတွေဖြစ်ပြီး လူအထိအခိုက်တော့ မရှိဘူးလို့ သိရပါတယ်။
ဒီကနေ့ ဇန်နဝါရီလ ၁၀ ရက်မနက်မှာ PDF-Zoland တပ်ဖွဲ့တီးတိန်မြို့ပေါ်ကိုဖြတ်သန်းသွားလာတာဟာ တီးတိန်မြို့သိမ်းတိုက်ပွဲအတွက် စတင်ထိုးစစ်ဆင်တိုက်ခိုက်တာမျိုး မဟုတ်သေးတဲ့အကြောင်းကိုလည်း တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ မနက်ပိုင်းမှာဘဲ ထုတ်ပြန်ထားပါတယ်။
တီးတိန် မြို့သိမ်းတိုက်ပွဲတွေဖြစ်လာမယ်ဆိုတဲ့ သတင်းတွေကြောင့် တီးတိန်မြို့ကဒေသခံတွေဟာ မိမိပိုင်ပစ္စည်းတွေကို တခြားဒေသတွေကို ပြောင်းရွှေ့တာတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ကုန်ပိုင်းစလို့ ပြောင်းရွှေ့နေကြတယ်လို့လည်း သိရပါတယ်။