
အောက်တိုဘာလ ၁၃ ရက်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ရှိ ပုဂ္ဂလိက ဆေးရုံတွေဖြစ်တဲ့ Royal City ဆေးရုံနဲ့ ချမ်းမြေ့ဆေးရုံ တို့ကို လိုင်စင်သက်တမ်းမတိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆေးရုံကို နှစ်ရက်အတွင်း အပြီးပိတ်သိမ်းခိုင်းကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
လက်ရှိပိတ်သိမ်းခံရမယ့် ဆေးရုံတွေဘက်ကတော့ မြို့နယ် ၊ တိုင်းအထိ သက်တမ်းတိုးဖို့ စာတင်ထားပေမယ့် အထက်ကို မရောက်ဘဲ အောက်ခြေမှာတင်ပျောက်နေတာလို့သိရပြီး အောက်တိုဘာလ ၁၂ ရက်နေ့ကစလို့ အပြီးပိတ်ကြောင်းကို ဆေးရုံတွေဘက်က စာတင်လိုက်ရတာဖြစ်တယ်လို့ ကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။
ကလေးမြို့နေဒေသခံတစ်ဦးက “ဆေးရုံဘက်က မြို့နယ်ရယ် တိုင်းအထိတင်တယ် ဒီကြားထဲ ဘယ်လိုဖြစ်လို့ မကျလဲမသိဘူးပေါ့နော် သူတို့အကြောင်းပြတာတော့ လိုင်စင်သက်တမ်းမတိုးလို့ဆိုပြီးမှ အကြောင်းပြတယ်တဲ့ ၂ ရက်အတွင်း အပြီး ပစ္စည်းတွေရွှေ့ခိုင်းတာ ပိတ်သိမ်းခိုင်းတာလို့ ကြားတယ် ချမ်းမြေ့နဲ့ Royal City နှစ်ခုပေါ့ ရှင်းဟုန်လည်း ပါတယ်လို့တော့ ကြားပေမယ့် မသေချာဘူး” လို့ပြောပါတယ်။
Royal Cityဆေးရုံ နဲ့ ချမ်းမြေ့ဆေးရုံ တို့ပိတ်သိမ်းခံရလို့ လက်ရှိ လူနာတွေကိုလည်း ကလေးမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

