Headlines

Chinland FC ရဲ့ကစားသမား Pa Lung အား ပြန်လည်တွေ့ရှိကြောင်း၊မိခင်ဆီအရေးပေါ်ပြန်သွားလို့အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်းဖြစ်ကြောင်းသတင်းထုတ်ပြန်

ဩဂုတ်လ ၂၉ ရက်။

Chinland FC ရဲ့ကစားသမား Pa Lung ကို ၇ ရက်အကြာ အဆက်အသွယ်ပြတ်တောက်ခဲ့ပြီးနောက် ယခုအခါ ဘေးကင်းစွာ ပြန်လည်တွေ့ရှိခဲ့ပြီး အသင်းနှင့်လည်း ပြန်လည်ပူးပေါင်းနေပြီဖြစ်ကြောင်း Chinland FC မှ ဝမ်းမြောက်စွာဖြင့် အများပြည်သူသို့ အသိပေးအပ်ပါတယ်လို့ ဒီနေ့ဩဂုတ်လ ၂၉ ရက်မှာ Chinland FC ကသတင်းထုတ်ပြန်ပါတယ်။

Myanmar League-1 မှာ ယှဉ်ပြိုင်နေတဲ့ Chinland FC ဘောလုံးအသင်းရဲ့သတင်းထုတ်ပြန်ချက်မှာ”Pa Lung သည် မိခင်ဖြစ်သူ၏ ကျန်းမာရေး အထူးအရေးပေါ်အခြေအနေကြောင့် အသင်းထံ အကြောင်းကြားနိုင်ခြင်းမရှိဘဲ နေရပ်သို့ အရေးပေါ်ပြန်သွားခဲ့ရခြင်းဖြစ်ပါသည်။ ခရီးလမ်းတွင် ဖုန်းအားကုန်သွားခြင်းနှင့် အခြားဆက်သွယ်ရေးအခက်အခဲများကြောင့် အသင်းနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်းဖြစ်ကြောင်း၊ယခုအချိန်တွင် Pa Lung နှင့် အဆက်အသွယ်ပြန်လည်ရရှိပြီး အသင်းသို့လည်း ဘေးကင်းစွာ ပြန်လည်ရောက်ရှိနေပြီဖြစ်သောကြောင့် မိသားစုဝင်များ၊ ဆွေမျိုးမိတ်ဆွေများ၊ ချစ်ခင်အားပေးသူများနှင့် စိတ်ပူပန်ပေးခဲ့ကြသူများအားလုံး စိတ်အေးချမ်းနိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါတယ်” လို့ဖော်ပြထားပါတယ်။

Pa Lung နှင့် အဆက်အသွယ်ပြတ်တောက်သွားသည့်အချိန်မှစ၍ Chinland FC အနေဖြင့် သက်ဆိုင်ရာ ရဲစခန်းတွင် တရားဝင်အမှုဖွင့်တိုင်ကြားခဲ့ပြီး၊ အသင်းတာဝန်ရှိသူများကလည်း (၅) ရက်ကြာ အစွမ်းကုန် လိုက်လံရှာဖွေခဲ့ကြကာ၊အချိန်ကြာမြင့်လာသော်လည်း မည်သည့်အဆက်အသွယ်မျှ မရရှိခဲ့သည့်အတွက် ကစားသမား၏ ဘေးကင်းလုံခြုံရေးကို အထူးစိုးရိမ်ကာ အများပြည်သူ၏ အကူအညီရရှိနိုင်ရန် တရားဝင်သတင်းထုတ်ပြန်ခဲ့ရခြင်းဖြစ်ကြောင်း၊ယခုကဲ့သို့ ကျွန်တော်တို့၏ ကစားသမား Pa Lung ကို ဘေးကင်းစွာ ပြန်လည်တွေ့ရှိနိုင်ခဲ့ခြင်းအတွက် အထူးဝမ်းမြောက်မိပါသည်လို့ Chinland FCမှသတင်းထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *